အခြေခံလူတန်းစားများ၏ REDD+ ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း ရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်း အစည်းအဝေးကျင်းပ ၂၀၁၆ ခုနှစ်၊ မေလ (၃၁)ရက်၊ နေပြည်တော်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် RECOFTC တို့ပူးပေါင်း၍ အခြေခံလူတန်းစားများ၏ REDD+ ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ခြင်းစီမံကိန်းရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်း အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို (၃၁-၅-၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်၊ မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ RECOFTC ဌာနေ အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါက်တာမောင်မောင်သန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ REDD+ Core Unit မှ ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အချိန်မှာ ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုပြောင်း လဲမှုများ၏နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံရလျှက်ရှိပါကြောင်း၊ မြေ၊ ရေနှင့် လေထုများ ညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာပျက်စီး ယိုယွင်းလာခြင်း၊ ဇီ၀မျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များယိုယွင်းပျက်စီးလာခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း စသည့် သဘာ၀ဘေးအန္တရာယ်များကို ကြုံတွေ့လျက်ရှိ၍ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာလာရေးအတွက် အထူးအလေးပေး ကိုင်တွယ် ဆောင်ရွက်ကြရမည့် အချိန်ဖြစ်ကြောင်း၊
ကမ္ဘာနှင့်တဝှမ်း ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေးကို လုပ်ငန်းနယ်ပယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ သစ်တောကဏ္ဍတွင် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (REDD+) လုပ်ငန်းစဉ်များကို အရေးကြီးသော ကဏ္ဍတစ်ရပ် အနေနှင့် ထည့်သွင်းထားပါကြောင်း၊ REDD-Plus ဆိုသည်မှာ သစ်တောထိန်းသိမ်းရေးအတွက် မူဝါဒရေးရာ ချည်းကပ်မှုဖြစ်ပြီး သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်း အား တားဆီးကာကွယ်ခြင်း၊ သစ်တောများအား စဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းနှင့် သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများပါဝင်ကြောင်း၊
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာ ဖေါ်ပြချက် အရ မြန်မာနိုင်ငံတွင်လည်း သစ်တောပြုန်းတီးမှုရှိနေ၍ သစ်တောကဏ္ဍမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် REDD+ ကိုအောင်မြင်စွာ အကောင်အထည်ဖေါ်ရန်လိုအပ်ကြောင်း၊
ကာဗွန်ထုတ်လွှတ်မှု လျှော့ချရုံတင်မကဘဲ Zero Net Deforestation ၊ Zero Net Emission အထိဖြစ်ပေါ်ရေးအတွက် နည်းလမ်းအမျိုးမျိုးနှင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ REDD+လုပ်ငန်းစဉ်များသည် သစ်တောကဏ္ဍထက် များစွာကျော်လွန်၍ ဆက်စပ်ပတ် သက်သော အစိုးရဌာနများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများ အားလုံးအဆင့်တိုင်းတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်၍ အားလုံးပါဝင်သော REDD+ လုပ်ငန်းအဖွဲ့ (၃) ဖွဲ့ ဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိကြောင်း၊

ယခုအချိန်တွင် နိုင်ငံတော်အစိုးရအနေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်သော မူဝါဒများ၊ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာများကို ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်နေ သောကြောင့် REDD+ လုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖေါ်ရန် အချိန်အခါ ကောင်းပင်ဖြစ်ကြောင်း၊ REDD+ လုပ်ငန်းစဉ်များသည် သစ်တောထိန်းသိမ်းရေး အခြေခံအစိမ်း ရောင်စီးပွားရေးလုပ်ငန်းများဖြစ်၍ အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း၊ ခရိုင်သစ်တောစီမံ အုပ်ချုပ်မှုစီမံကိန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ ပြည်သူဗဟိုပြုလုပ်ငန်းများအဖြစ် အကောင် အထည်ဖေါ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
Grassroots Capacity building on REDD+ project ကို သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပြီးအောက်မြင်စွာ အကောင်အထည်ဖေါ်ခဲ့သော RECOFTC ၊ မိတ်ဖက်အဖွဲ့အစည်း များ၊ ရန်ပုံငွေကြေးထောက်ပံ့ပေးသော နော်ဝေနိုင်ငံဆိုင်ရာဖွံ့ဖြိုးမှုအဖွဲ့ (Norad) နှင့် ဆက်စပ် ပတ်သက်သူအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။