အမျိုးသားပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးခြင်း အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ ( ၃-၆-၂၀၁၆ ၊ နေပြည်တော် )

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဦးစီး ရုံးချုပ်၊ အင်းကြင်းခန်းမ၌ (၃-၆-၂၀၁၆)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် အမျိုးသားပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုသစ်ပင်စိုက်ပျိုးခြင်း အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍အဖွင့် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အသီး သီးရှိ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ သစ်တောဦးစီးရုံးချုပ်မှ အရာထမ်းများ စုစုပေါင်း (၇၂)ဦးတက် ရောက်ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ရေ၊ မြေ၊ တောတောင်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ ရာသီဥတုနှင့် ဂေဟစနစ်မျှတစေရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နှစ်စဉ်မိုးရာသီ၌ တစ်နိုင်ငံလုံး လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးခြင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်သစ်တောစိုက်ခင်းများတည်ထောင် ခြင်း၊ ကျေးလက်အိမ်ရာ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်း တည်ထောင်ခြင်းစသော အမျိုးသားပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုသစ်ပင် စိုက်ပျိုးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ပျိုးပင်(၅၇.၉၃)သန်း ကို တည်ထောင်စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊
စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးတို့ကို အထောက် အကူပြုရန်၊ သဘာဝတောများမှ သစ်တောသယံဇာတများကို ဒေသလိုအပ်ချက်အရ ထုတ်ယူသုံးစွဲ နေရသည့် ဖိအားများကို လျော့ချနိုင်ပြီး သဘာဝတောများ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ သစ်တောသယံဇာတများ ပြုစုထိန်းသိမ်းကာကွယ် ရေးနှင့် စနစ်တကျ ထုတ်ယူသုံးစွဲရေး ဆိုင်ရာ အသိတရားများ တိုးပွားလာပြီး ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာရန်၊ အပူပိုင်းဒေသ ရေ၊ မြေ၊ သဘာဝဝန်းကျင်ထိန်းသိမ်းရန်နှင့် သဲကန္တာရဖြစ်ထွန်း မှုကို ကာကွယ်တားဆီးရန်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏အကျိုးအတွက် ကောင်းမွန်ပြီး သန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေးနှင့် သဘာဝနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးကို အထောက်အကူပြုရန်၊ ပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှု၊ ညစ်ညမ်းမှုများကြောင့် သဘာဝသယံဇာတအရင်းမြစ်များ ယိုယွင်းပျက်စီးမှု၊ လျော့နည်းဆုံးရှုံးလာမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ်အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် အထောက်အကူပြုရန်၊ ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိအမြင်၊ ဗဟုသုတများ စိမ့်ဝင်ပျံ့နှံ့စေပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်လိုစိတ်များ တိုးတက်မြင့်မား လာစေရန် စသောရည်ရွယ်ချက်များဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု သစ်ပင်စိုက်ပျိုး ခြင်း (Green Environment Campaign - 2016) ကို စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်၍ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊
၂၀၁၆ ခုနှစ်၊ အမျိုးသားပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးခြင်း ကို နည်းလမ်း(၈)သွယ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ယခင်နှစ်ထက် အပင်ပေါင်း (၁.၆၈)သန်းတိုးမြှင့်လျာထားပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ ပါဝင်နေသော Green Environment Campaign for 2016-2017 ကို အသွင်အပြင်ပကာသနမပါဘဲ အနှစ်သာရရှိရှိ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/မြို့နယ်များတွင် ဆောင်ရွက်ရမည့်လျာထားချက်များ၊ ဆောင်ရွက်ပြုလုပ်မည့်အစီအစဉ်၊ လိုအပ် ချက်များ၊ အခက်အခဲများ၊ ဖြေရှင်းရန်နည်းလမ်းများကို ဆွေးနွေးကြရန်၊ ဆက်စပ်ဌာနများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများမှ အကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ကြောင်း သတင်းရရှိပါသည်။