သစ်တောများ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခြင်း ၁၃-၆-၂၀၁၆၊ နေပြည်တော်

သစ်တောများ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီ တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သစ်တောများ ပြန်လည်တည်ထောင်ရန် နိုင်ငံအဆင့် စီမံကိန်းရေးဆွဲ ပြုစုနိုင်ရေးအတွက် ပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲဖြစ်၍ သစ်တောကဏ္ဍအတွက် အလွန်ပင်အရေးကြီးသော အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် မြေ ၊ ရေ ၊ သစ်တော ၊ သတ္တု စသော သဘာဝသယံဇာတ အရင်း အမြစ်များကို နောင်သားစဉ်မြေးဆက်အထိစနစ်တကျသုံးစွဲနိုင်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှု (Sustainable Development) ရရှိရေး စနစ်တကျစီမံတွက်ချက်အသုံးပြု ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ သဘာဝသယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရာတွင် အကန့် အသတ်ရှိသည်နှင့်အညီ စနစ်တကျထုတ်ယူ သုံးစွဲရန် အထူးပင်အရေးကြီးကြောင်း၊ FRA 2015 အရ မြန်မာနိုင်ငံ ဧရိယာ၏ (၄၂.၉၂)ရာခိုင်နှုန်း သစ်တောများ ဖုံးလွှမ်းလျက် ရှိကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျွန်းနှင့် သစ်မာ ထုတ်လုပ်ခြင်းကိုလုံးဝရပ်နားကာ နောင်လာမည့် နှစ်များမှာလည်း သတ်မှတ်နှစ်စဉ် တောထွက်ပမာဏအောက် သိသိသာသာ လျှော့ချပြီး ပြည်တွင်းလိုအပ်ချက်အတွက်သာ ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာ့ ကျွန်းသစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမကို ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၁၀) နှစ် အထိကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းမပြုဘဲ အနားပေးဆောင်ရွက်သွားရန် ဆွေးနွေးသုံးသပ်ထား ကြောင်း၊ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း လျော့နည်းလာခြင်းမှာ သစ်အလွန်အကျွံထုတ်လုပ်ခြင်း၊ လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ မြို့ရွာများတိုးချဲ့လာခြင်း၊ အခြားမြေအသုံးချမှု ပြောင်းလဲခြင်း၊ သစ်၊ တိုင်၊ မျော၊ ထင်း၊ မီးသွေးများ တိုး၍ထုတ်လုပ်လာခြင်းအပြင် တရား မဝင်သစ် ခိုးယူထုတ်လုပ်မှုသည်လည်း တစ်ခုအပါအဝင် ဖြစ်၍ သစ်တောသယံဇာတများလေလွင့် ဆုံးရှုံးမှုမဖြစ်ရန် တရားမဝင်သစ်ဖမ်းဆီးရေးကို ထိရောက်စွာဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ ၏ အဖိုးတန်သစ်တောများအား စနစ်တကျ စီမံအုပ်ချုပ်နိုင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်က သစ်တောများကိုသစ်ထုတ်လုပ်ခြင်းမပြုပဲအနားပေးထားသလို ၎င်းတောများ ကိုလည်း ထုတ်လုပ်နိုင်စွမ်း ပြန်လည်ပြည့်ဝလာပြီး ထောက်ပံ့ပေးနိုင်သော စွမ်းရည်အပြည့် အဝ ပြန်လည်ရရှိနိုင်ရန် သစ်တောပြုစုပျိုးထောင်ခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်နှင့် သမားရိုးကျ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများနှင့် မလုံလောက် ပါကြောင်း၊ မြန်မာနိုင်ငံ၏လက်ရှိလူဦးရေ (၇၀)ရာခိုင်နှုန်းသည် နေ့စဉ်စားဝတ်နေရေးအတွက် ထင်း၊ မီးသွေးလောင်စာကို မှီခိုနေရဆဲဖြစ်၍ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းသုံး ထင်း လောင်စာအပါအဝင်နှစ်စဉ်ထင်းလိုအပ်ချက်အတွက်လည်းအသေးစိတ်တွက်ချက်ပြီး ကျေးရွာထင်း စိုက်ခင်းများကို မဖြစ်မနေ တည်ထောင်ပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်မဖြစ်မနေလုပ်ရမည့် သစ်တောစိုက်ခင်းနှင့် သစ်တောပြုစု ထိန်းသိမ်းရေးလုပ်ငန်းပမာဏ များကို လုပ်ကိုင်ဆောင်ရွက်ရမည့် ဧရိယာတွေအလိုက် တိတိကျကျ တွက်ချက်ပြီး စီမံကိန်း အဖြစ်ရေးဆွဲရန်နှင့် ဝန်ထမ်းအင်အား၊ ဘတ်ဂျက်ရန်ပုံငွေ လိုအပ်ချက်များကို ဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း၊ သစ်တောပြန်လည် တည်ထောင်ရေးစီမံကိန်းကို (၅)နှစ်စီမံကိန်း (၂)ကြိမ် စုစုပေါင်း (၁၀)နှစ် စီမံကိန်းနှင့်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်ရည်ရွယ်ပြီး စီမံကိန်းကာလ ပြီးဆုံးချိန်တွင် သိသာထင်ရှားသောရလဒ်၊ နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံနိုင်သော ရလဒ် အဖြစ် မှတ်ကျောက်အတင်ခံနိုင်အောင် ဆောင်ရွက် ကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူး များ၊ သစ်တောဦးစီးရုံးချုပ်မှ အရာရှိကြီးများ တက်ရောက်ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား (၁၃-၆-၂၀၁၆)ရက်နေ့မှ(၁၄-၆-၂၀၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။