ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များအား ဆက်စပ်ပတ်သက်သူအားလုံး ပူးပေါင်းပါဝင်မှုဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်ချက်များအပေါ် အတည်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ ၄−၇−၂၀၁၆၊ နေပြည်တော်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသန၊ ရေဆင်းစုဝေးခန်းမ၌ (၄-၇-၂၀၁၆)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ဒေသခံပြည်သူ အစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များအား ဆက်စပ်ပတ်သက်သူအားလုံး ပူးပေါင်းပါဝင်မှုဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်ချက်များအပေါ် အတည်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားအဆင့် သစ်တောမူဝါဒသည် အခြေခံလမ်းညွှန်ချက်ဖြစ်ကြောင်း၊ မြန်မာ့သစ်တောမူဝါဒမှာ ကျယ်ပြန့်သည့် အမျိုးသားရည်မှန်းချက် ပန်းတိုင်များကို ပြည့်မီအောင် အကောင်အထည်ဖေါ်နိုင်ရန် မြေအသုံးချမှု၊ ကာကွယ်ခြင်းနှင့်အုပ်ချုပ် လုပ်ကိုင်ခြင်း၊ သစ်တောမျိုးဆက်ခြင်းနှင့် သစ်တောတည်ထောင်ခြင်း၊ သစ်တောအခြေခံသည့် စက်မှု လုပ်ငန်း၊စျေးကွက်နှင့်ကုန်သွယ်မှု၊ သစ်တောစီမံကိန်းရေးဆွဲခြင်း၊ အဖွဲ့အစည်းများအတွင်း စွမ်းဆောင် ရည်တိုးတက်ခိုင်မာစေခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူများပူးပေါင်း ပါဝင်ရေး တို့ကို တိကျစွာဖေါ်ပြထားကြောင်း၊ မြန်မာ့သစ်တောမူဝါဒကို အကောင်အထည်ဖေါ်နိုင်ရန် သစ်တောဦးစီးဌာနအနေနှင့် နှစ် (၃၀) သစ်တောကဏ္ဍ ပင်မစီမံကိန်း (၂၀၀၁−၂၀၃၀) ကို ရေးဆွဲ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး ခရိုင် (၆၈)တွင်လည်း သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်း စီမံချက်များကို ရေးဆွဲအကောင်အထည်ဖေါ် ဆောင် ရွက်လျက်ရှိကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ သစ်တောဦးစီးဌာနအနေနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်ရန်၊ သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှုနှင့်ဂေဟစနစ်မျှတမှု ကို ပြန်လည်ရရှိရန်၊ ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (Community Forestry Instruction-CFI) ကို (၁၉၉၅) ခုနှစ်တွင် ထုတ်ပြန်ပြီး စတင်အကောင် အထည်ဖေါ်ခဲ့ကြောင်း၊ သစ်တောများကို သစ်တောဦးစီးဌာနမှ နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်လုပ်ကိုင် ခဲ့ရာမှ ပြည်သူလူထုနှင့် စတင်ပူးပေါင်းဆောင်ရွက်ခွင့်ရသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၍ သစ်တော ကဏ္ဍတွင် အထူးထင်ရှားသည့် ပြုပြင်ပြောင်းလဲမှု တစ်ရပ် ဖြစ်ကြောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော များကို ဧက(၂.၂၇)သန်းထိ တည်ထောင်ရန် ရည်မှန်း ချက်ထားပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ CFI ထုတ်ပြန်ခဲ့သော ၁၉၉၅ ခုနှစ်မှ ယနေ့ထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာ ဧက ၂ သိန်း ၈ သောင်းကျော် တည်ထောင်နိုင်ခဲ့၍ ရည်မှန်းချက်ပြည့်မီအောင် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့ခေတ် အခြေအနေနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ နေရာ ဒေသ ကွဲပြားခြားနားမှု၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် မြေအသုံးချမှုဆိုင်ရာ ပြဿနာများ၊ စိန်ခေါ်မှု များကြောင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ညွှန်ကြားချက် CFI ကို ယနေ့ခေတ်၏ လူမှုစီးပွားရေးနဲ့ သစ်တောများပြန်လည်တည်ထောင်မှုဆိုင်ရာ လိုအပ်ချက် အရပ်ရပ်ကို ဖြည့်ဆည်း ပေးနိုင်ရန် မဖြစ်မနေ ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသော ဆက်စပ်ပတ်သက်သူများနှင့် ဒေသခံပြည် သူများ၏ သုံးသပ်ချက်များ၊ အကြံပြုချက်များရယူနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုမှာ အလုပ်ရုံဆွေးနွေးပွဲ (၈)ကြိမ် ကျင်းပခဲ့ပြီး အကြံပြုချက်များ၊ ဆွေးနွေးသုံးသပ်ချက်များကို စုဆောင်း ရယူခဲ့ကြောင်း၊ မတူကွဲပြားသည့် ဆွေးနွေးမေးမြန်းချက် စုစုပေါင်း (၁၅၁) ခုထိ ရှိခဲ့သည်ကို ထောက်ရှု ခြင်းအားဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအပေါ် ပြည်သူများနှင့် ဆက်စပ်ပတ်သက် သူများ စိတ်ဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှာ အလွန်အားရကျေနပ်စရာ ကောင်းသည်ကို တွေ့ရကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြုပြင်ရေးဆွဲပြီးဖြစ်သော CFI မူကြမ်းပါ အချက်အလက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆွေးနွေးတင်ပြသော အကြံပြုချက်များ ကို ပညာရှင်များက အသေးစိတ်ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးရမှာဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်ရာ တွင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဒေါက်တိုင်များကို အခြေပြုပြီး နေရာဒေသ အသီးသီးမှာရှိကြသော ဒေသခံပြည်သူလူထု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေး စဉ်းစားဆုံးဖြတ်ရန်၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီရန် အထူးလိုအပ် ၍ ကြွရောက်လာကြသော ပညာရှင်များအနေဖြင့် အပြုသဘောဖြင့် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေး အကြံပြု ကြရန် တိုက်တွန်းပြောကြားပါကြောင်း၊ သစ်တောများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့နည်း ပပျောက်ရေးအတွက်လည်း အထူးအရေးပါကြောင်း၊ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ပြီး နေ့စဉ် လူမှုစီးပွားရေးအတွက် သစ်တောများကို မှီခိုနေရကြောင်း၊ သစ်တောများသည် ရာသီဥတု မျှတသာယာစေပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေခြင်း၊ မြေဆီလွှာနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားစေခြင်းစသော ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ (Ecosystem Services) ကို အထောက်အပံ့ပေးလျှက်ရှိကြောင်း၊ ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရာသီဥတုပြောင်းလဲမှုများနှင့် နောက်ဆက်တွဲ အကျိုး ဆက်များကို ရင်ဆိုင်တွေ့ကြုံရလျှက်ရှိပြီး နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို နှောင့်နှေးစေကြောင်း၊ FAO ၏ FRA(2015) အစီရင်ခံစာအရ မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုဟာ နိုင်ငံဧရိယာ ၏ ၄၂.၉၂% ရှိကြောင်း၊ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း ပြန်လည်တိုးပွားလာအောင် ဆောင်ရွက်ရမည်ဖြစ်၍ လုပ်ငန်းအောင်မြင်ရန် ပူးပေါင်းပါဝင်ဆောင်ရွက်သော ပြည်သူများနှင့် ဆက်စပ်ပတ်သက် သူများ၏ စွမ်းဆောင်ရည်များမှာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး ထောက်ပံ့ကူညီပေးသော အာဆီယံ လူမှုသစ်တောကွန်ယက် (ASEAN Social Forestry Network-ASFN) ၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အရှေ့တောင်အာရှ သုတေသနဗဟိုဌာန (Southeast Asian Regional Center for Graduate Study and Research in Agriculture - SEARCA)၊ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ကြသော CFNWG ၊ CF Unit အဖွဲ့ဝင် များနှင့် ဆက်စပ်ပတ်သက်သူ အားလုံးကို ကျေးဇူးတင်ပါကြောင်းနှင့် တတ်တတ်ကြွကြွ ပါဝင်ဆွေးနွေးကြပါရန် ပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောလုပ်ငန်း နိုင်ငံအဆင့် လုပ်ငန်း အဖွဲ့ဝင် များ၊ ဆက်စပ်ဌာနများမှကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သစ်တောအသုံးပြုသူများ အဖွဲ့အသီးသီးမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရ ရှိပါသည်။