၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ ၏ သား၊သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ဇူလိုင်လ ၁၃ ရက်၊ နေပြည်တော်

၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသောသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀) နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနရှိ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူ များနှင့်မိဘများ တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပညာရည်ချွန်ဆုပေးပွဲများကို ၂၀၀၄ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ရာ(၁၂)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ပညာရည်ချွန်ဆုချီးမြှင့်ပေးရခြင်း ၏ရည်ရွယ်ချက်သည် ပညာရေးခရီးဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများ၏ သားငယ်၊ သမီးငယ်များမှ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုလို၍ဖြစ်ကြောင်း၊ နောင်တက္ကသိုလ်ဝင်တန်း ဖြေဆိုကြ မည့်သား၊သမီးများကိုလည်း အားကျအတုယူလိုစိတ်ဖြစ်ပေါ်စေပြီး ကြိုးစားအားထုတ်မှုကြောင့် ထူးချွန်ထက်မြက်သည့် လူငယ်များစွာ ပေါ်ထွန်းလာစေရေးအတွက် စိတ်စေတနာဖြင့် ပြုလုပ်ပေး ခြင်းဖြစ်ကြောင်း၊ ယနေ့မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရေးကြီးကဏ္ဍ တစ်ရပ်အနေဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် သားတို့သမီးတို့၏ အသိပညာ၊ အတတ်ပညာ မြင့်မားနေရေးသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာတွင် ပညာရေးကဏ္ဍကိုလည်း ယခင် ခေတ်စနစ် များနှင့်မတူ ပြုပြင်ပြောင်းလဲလျက်ရှိသကဲ့သို့UNICEF အနေဖြင့်လည်းမြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍတိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်ပေးနေသည်ကို အသိပေးလိုကြောင်း၊ ထို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး ပညာသင်ခွင့်ရရှိစေရန် ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့်ကြိုးစားနိုင်သလောက် ဘဝတက်လမ်းများပွင့်ပြီး ပညာဗဟုသုတများ ရှာဖွေ ဆည်းပူးနိုင်မည့် အခွင့်အလမ်းများ ရရှိနေပြီဖြစ်ကြောင်း၊ “ပညာသမာအာဘာနတ္ထိ”ပညာနှင့်တူသော အလင်းရောင်သည်မရှိ၊ “ပညာသမံနတ္ထိ မိတ္တံ” ပညာနှင့်တူသောအဆွေခင်ပွန်းမရှိဟု ပညာနှင့်ပတ်သက်၍ အဆိုအမိန့်များရှိကြောင်း၊ ယခု အောင်မြင်မှုများကို အခြေခံ၍ နောင်အဆင့်မြင့်မားသော ပညာရပ်များကို ဆက်လက်သင်ယူ ဆည်းပူး သွားကြရန်နှင့် အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝသည့် ပညာရှင်များအဖြစ် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံအတွင်းနှင့်နိုင်ငံတကာသို့ ဆက်သွယ်နိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ ဒွန်တွဲပါလာတတ်သော ကောင်းကျိုးနှင့်ဆိုးကျိုးများအနက် အဆိုးကိုသိပြီး ကြိုတင် ရှောင်ရှားတတ်ရန်၊ ကောင်းကျိုးကိုသာ ရှာဖွေပြီးအသုံးချတတ်ရန် မှာကြားလိုကြောင်း၊ “ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ” စကားအတိုင်း မိဘများသည် သား၊သမီး များ၏ ကနဦးဆရာများ ဖြစ်ကြသည့်အတွက် ဆရာကောင်း၊ သမားကောင်းများအဖြစ် မိမိတို့၏ သားသမီးများကို မျက်ခြေမပြတ် ကြည့်ရှုစောင့်ရှောက်နေပြီး သွန်သင်ဆုံးမနေရန် မှာကြားလို ကြောင်း၊ သားတို့ သမီးတို့ကို ဆုံးမစကားအဖြစ် မြစ်မ ရေနက် သောင်ပြင်ဖျက်၊ စေတီဘုရား တည်ထား ကောင်းလျက် ညောင်ပင်ဖျက် ၊ သူကောင်းသား မူကောင်းထားလည်းအပေါင်းဖျက် ဟု ဖျက်(၃)ဖျက် ဆိုရိုးစကားရှိသဖြင့် ပညာရေးခရီး ဆက်လက်လျှောက်လှမ်းရာ၌ အပေါင်းအသင်း ကောင်း များကို ရွှေးချယ်ပေါင်းသင်းနေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ သားတို့ သမီးတို့ အနေဖြင့် ယခုကဲ့သို့သော ဂုဏ်ယူဖွယ်အောင်မြင်မှုများအား ဘဝတစ်လျှောက် ဆက်လက်ရရှိ သွားအောင် စဉ်ဆက်မပြတ် ကြိုးစားကြရန်နှင့် နိုင်ငံတော်အတွက် ဂုဏ်ယူနိုင်သော ပညာရှင်ကြီး များ၊ သားကောင်း သမီးကောင်းရတနာများဖြစ်အောင်ကြိုးပမ်းသွားကြပါဟု ပြောကြားခဲ့သည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက ၆ ဘာသာဂုဏ်ထူးရှင်(၆)ဦးနှင့်ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်တို့က ၅ ဘာသာ ဂုဏ်ထူးရှင် (၈)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၁၃)ဦးနှင့် ၃ ဘာသာဂုဏ်ထူးရှင် (၂၀)ဦးတို့အား ပညာရည်ချွန်ဆု နှင့်ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူ များ ကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မကြည်စင်စံမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများသည် ၂၀၁၅-၂၀၁၆ ၊ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ၆ ဘာသာ ဂုဏ်ထူးရှင် (၆)ဦး၊ ၅ ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၃၉)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၂၄)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်(၁၀၆)ဦး၊ စုစုပေါင်း(၂၀၀)ဦးမှ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြောင်းသတင်းရရှိသည်။