ဝါးသယံဇာတစဉ်ဆက်မပြတ်အသုံးချမှုအထောက်အကူပြု ဝါးပျိုးထောင် စိုက်ပျိုးခြင်း ၊ ဝါးစိုက်ခင်းစီမံအုပ်ချုပ်ခြင်းသင်တန်း ဖွင့်လှစ်ခြင်း ဩဂုတ်လ (၂) ရက်၊ သစ်တောသုတေသန(ရေဆင်း)၊ နေပြည်တော်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Thailand International Cooperation Agency -TICA)တို့ပူးပေါင်းကျင်းပသည့် ဝါးသယံဇာတ စဉ်ဆက်မပြတ် အသုံးချမှုအထောက်အကူပြု ဝါးပျိုးထောင်စိုက်ပျိုးခြင်း၊ ဝါးစိုက်ခင်းစီမံအုပ်ချုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမ၌ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ယင်းအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီး များ၊ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှကိုယ်စားလှယ်များ၊ သင်တန်းသားများနှင့် သုတေသီများ တက်ရောက်ကြသည်။ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနနှင့် ထိုင်း နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Thailand International Cooperation Agency- TICA)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော “မြန်မာနိုင်ငံ၏ ဝါးသယံဇာတ စဉ်ဆက်မပြတ်စီမံ အုပ်ချုပ်မှုနှင့် အသုံးချမှုတိုးမြှင့်ရေး နည်းပညာပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း”ကို မြန်မာနိုင်ငံ၏ ဝါးသယံဇာတများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ် ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီ လမှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့့် ဝါးသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူအသုံးချနိုင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ဝါး၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဝါးမျိုးစု၊ စုစုပေါင်း ၇၅ မျိုး၊ ဝါးမျိုးစိတ်ပေါင်း ၁၂၅၀ ခန့် ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် ပေါက်ရောက်လျက်ရှိကာ အပြည်ပြည်ဆိုင်ရာ ဝါးနှင့်ကြိမ်ကွန်ယက်အဖွဲ့(International Network for Bamboo and Rattan-INBAR) ၏ စံချိန်စံညွှန်းများအရ မြန်မာနိုင်ငံတွင် စီးပွားရေးအရ အသုံးဝင်ဝါးမျိုး များဖြစ်သည့် တင်း၊ မျှင်၊ ကျသောင်း၊ ဝါးဘိုး၊ ဝါးနီအစရှိ ဝါးမျိုးစိတ် ၁၈ မျိုးခန့် ရှိသည်ကို တွေ့ရှိမှာဖြစ်ပါကြောင်း၊ စီးပွားဖြစ်ဝါး အဓိကထုတ်လုပ်နိုင်သော ပဲခူးရိုးမ၊ ရခိုင်ရိုးမနှင့် တနင်္သာရီတိုင်း ဒေသကြီးစသည့် ၃ နေရာကို သတ်မှတ်ထားပြီး ဝါးတောဧရိယာ စုစုပေါင်း ဟက်တာ ၁,၇၈၃,၈၀၀ ရှိပါကြောင်း၊ သစ်တောဦးစီးဌာန၏ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝါးထုတ်လုပ်မှု စာရင်းအရ နှစ်စဉ်ဝါး တောထွက် လုံးရေ ပေါင်း ၆၃.၂ သန်းကျော်ရှိကြောင်း၊ ဝါးသည် ဘက်စုံအသုံးဝင်သည့် သဘာဝသယံဇာတ တစ်မျိုးဖြစ်ပြီး ဝါးပင်များ၏ အမြစ်အဖွဲ့အစည်းသည် ခိုင်ခံ့ကျစ်လစ်သည့်အတွက် မြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေး ပါကြောင်း၊ ဝါးစိုက်ခင်း တစ်ဟက်တာသည် လေထုထဲမှ ဖန်လုံအိမ်ဓါတ်ငွေ့ကို ဖြစ်ပေါ် စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် (၃၇၀)၊ ဆာလဖာဒိုင် အောက်ဆိုဒ် (၉၀)တန်နှင့် ဖုန်မှုန့် (၉၀)တန်ကို စုပ်ယူနိုင်စွမ်းရှိသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်း လဲမှု လျှော့ချရေးအတွက် အလွန်အထောက်အကူ ပြုသည်ကိုတွေ့ရှိရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဝါးသယံဇာတ အလွန်ပေါများပြီး တစ်ပိုင်တစ်နိုင် ဝါး ထုတ်လုပ်မှုများမှ စီပွားဖြစ်ဝါးထုတ်လုပ်ခြင်းအထိ ကျေးလက်ပြည်သူများနှင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ ယခုအခါ အိမ်တွင်းမှုသုံး၊ လယ်ယာသုံး ဝါးအခြေခံလက်မှု ပစ္စည်းများသာမက ခေတ်မီနည်းပညာများနှင့် တန်ဖိုးမြင့် ဝါးထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်သုံးစွဲနေပြီဖြစ်သဖြင့် ဝါးသယံဇာတကို စဉ်ဆက်မပြတ်အသုံးချနိုင်ရေး အတွက်စနစ်တကျ စီမံအုပ်ချုပ်ရန် လိုအပ်ကြောင်း၊ သဘာဝဝါးတောများမှ ထုတ်ယူသုံးစွဲရုံသာမက ဝါးစိုက်ခင်းများတည်ထောင်ပြီး စီးပွား ဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော်လည်း စနစ်တကျ ဝါးစိုက်ခင်းတည်ထောင်ပြီး ထုတ်လုပ်မှု မှာ အားနည်းနေသေးသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ဝါးများကို တစ်နေရာတည်း၌ နှစ်စဉ်ခုတ်ယူသုံးစွဲခြင်း၊ စနစ်တကျ ခုတ်ယူမှုမရှိခြင်း၊ တစ်နှစ်ပတ်လုံးခုတ်ယူခြင်းများကြောင့် ဝါး၏အရည်အသွေးနှင့်အရေအတွက် ကျဆင်းထိခိုက် လာစေနိုင်ကြောင်း၊ သစ်တောဦးစီးဌာနသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း ဝါးလုပ်ငန်း ရှင်များနှင့်ဒေသခံပြည်သူများ ပါဝင်သည့် သဘာဝဝါးတောများ စီမံအုပ်ချုပ်ခြင်းလုပ်ငန်းကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းတွင် ဝါးမျိုး ပျိုးထောင်ခြင်း၊ ဝါးစိုက်ခင်းတည်ထောင် စိုက်ပျိုးခြင်းနှင့် ဝါး စိုက်ခင်း စီမံအုပ်ချုပ်မှုပညာရပ်များကို ကျွမ်းကျင်သူပညာရှင်များမှ စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး လေ့လာရေးခရီးစဉ်တွင် ဝါးစိုက်ခင်း တည်ထောင် ခြင်း၊ သက်ကြီး ဝါးရုံများ စီမံအုပ်ချုပ်ခြင်းများကို လက်တွေ့လေ့လာရမည် ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် သင်တန်းဖြစ်မြောက်ရန်နှင့် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး အတွက် ရန်ပုံငွေကြေး ပံ့ပိုးပေးသည့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(Thailand International Cooperation Agency -TICA)၊ စီမံကိန်းတွင် နည်း ပညာပူးပေါင်းဆောင်ရွက်ပေးသော ထိုင်းနိုင်ငံ ကာဆာဆပ်တက္ကသိုလ်(Kasetsart University) နှင့် Royal Project Foundation မှ ပညာရှင်များကိုလည်းကောင်း၊ သင်တန်းဆရာ/ ဆရာမများနှင့်ဝါးအသင်းအဖွဲ့များ ဒေသခံပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ သင်တန်းကို သြဂုတ်လ(၄)ရက်ထိ သုံးရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ် ကြောင်း သတင်းရရှိသည်။