သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ ဘရုနိုင်းဒါရုဆလန်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသအပူပိုင်းမိုးသစ်တောဆိုင်ရာ ထိပ်သီးအစည်းအဝေးတက်ရောက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရုနိုင်း ဒါရုဆလန်နိုင်ငံ၊ မြို့တော် ဘန်ဒါဆရီဘီဂဝမ်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ၂၀၁၆ခုနှစ် သြဂုတ်လ (၃)ရက်မှ (၅)ရက်နေ့ ထိ(၃)ရက် တာကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသ အပူပိုင်းမိုးသစ်တောဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သြဂုတ်လ (၂)ရက် နေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့ပြီး၊ သြဂုတ်လ(၆)ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ (၃)ရက်နံနက်ပိုင်းတွင် ဘရုနိုင်းဒါရုဆလန်နိုင်ငံ၊ သဘာဝသယံဇာတနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး ဒါတိုဆာရီဆတီယာ အဝမ် ဟာဂျီအလီဘင်အပွန် (Hon. Data Seri SetiaAwang Haji Ali bin Apong) မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အာရှပစိဖိတ်ဒေသ တွင်း နိုင်ငံပေါင်း (၁၁)နိုင်ငံမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်းသိရှိရသည်။

နေ့လယ်ပိုင်းတွင် အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးများ အား ဘရုနိုင်း ဒါရုဆလန်နိုင်ငံဘုရင်မင်းမြတ် Sultan Haji Hassanal Bolkiah Mu'izzaddin Waddaulah၏ ဖိတ်ကြားချက်အရ Istana NurulIman နန်းတော်သို့ သွားရောက်တွေ့ဆုံ ဂါ့ရဝပြုနုတ်ဆက်ခဲ့ကြ ကြောင်းသိရှိရသည်။

အစည်းအဝေးတက်ရောက်လာကြသော အာရှပစိဖိတ် ဒေသတွင်း နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များသည် ဆော်လမွန်နိုင်ငံ၊ သစ်တောနှင့် သုတေသနဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာယင်ကင်ဆီယမ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကျွန်းစိုက်ခင်းတည်ထောင်ခြင်း၊ ကျွန်း မျိုးကောင်းမျိုးစေ့များ ထုတ်လုပ်ရရှိနိုင်ခြင်းနှင့် မြန်မာနိုင်ငံရှိ ကျွန်းစိုက်ခင်းနှင့် သဘာဝတောများလေ့လာခြင်းဆိုင်ရာကိစ္စရပ်များအား လည်းကောင်း၊ တီမောလက်စတီနိုင်ငံ၊ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဒါတိုဆရီဒေါက်တာဟာဂျီဝမ်ဂျွန်အိုင်ဒီဘင် တူအန်ကူဂျအဖာ (Dato Sri Dr. Haji Wan Junaidi bin TuankuJaafar) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် သစ်တောစီမံ အုပ်ချုပ်ခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများစီမံအုပ်ချုပ်ခြင်း ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ဘရုနိုင်းဒါရုဆလန်နိုင်ငံ၊ သဘာဝသယံဇာတ နှင့်ခရီးသွား လုပ်ငန်းဝန်ကြီး ဌာနဝန်ကြီးဒါတိုဆာရီဆတီယာအဝမ်ဟာဂျီအလီဘင်အပွန် (Hon. Data Seri SetiaAwang Haji Ali bin Apong) နှင့် သစ်တောမြေများအတွင်း ဌာနေတိုင်းရင်သားများ၏ စိုက်ပျိုးလုပ်ကိုင်နေမှုနှင့် သစ်တောမြေများစီမံအုပ်ချုပ်ခြင်း၊ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ပို့ကုန်ထုတ်ကုန် ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာကိစ္စများအားလည်းကောင်း သီးခြားစီတွေ့ဆုံ၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။

ထိပ်သီးအစည်းအဝေးကို ပတ်ဝန်းကျင်အခြေအနေနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအားထိန်းညှိ ဆောင်ရွက်နေသည့် အာရှပစိဖိတ်ဒေသ တွင်း ပိုမိုကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်ခြင်းအတွက် မူဝါဒများချမှတ်ရန်၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ စီးပွားဖြစ်ရောင်ချခြင်းများအပါအဝင် ပတ်ဝန်းကျင် ထိခိုက်လွယ်သော စီပွားရေးလုပ်ငန်းများအတွက် အခွင်းအလမ်းများကို ဖော်ထုတ်ပေးရန်၊ ဒေသတွင်းရှိမူဝါဒပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် လူမှုအဖွဲ့အစည်းများမှ ဦးဆောင်နေသူများ၊ အစိုးရများ နှင့် အတတ်ပညာရှင်များအချင်းချင်းဗဟုသုတများ၊ သုတေသနလုပ်ငန်းများ၊ အကောင်းဆုံး လက်တွေ့နည်းစနစ်များကိုဖလှယ်ပြီး ဒေသတွင်း ကွန်ယက်အနေဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင်ထိခိုက် လွယ်သောစီပွားရေးလုပ်ငန်းများအတွက် သစ်တောများ၏ တန်ဖိုးကိုဒေသတွင်း ရှိလူထုတစ်ရပ်လုံးသိရှိနားလည် နိုးကြားတက်ကြွမှု မြှင့်တက် လာစေရန် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။