သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ သွားရောက် သြဂုတ် ၂၂၊ နေပြည်တော်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည့် သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအား ကြည့်ရှုလေ့လာရန် သြဂုတ်လ (၁၈)ရက်နေ့တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံသို့ ခရီးထွက်ခွာခဲ့ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၂:၃၀)နာရီတွင် ရောက်ရှိခဲ့ပြီး၊ (၁၆:၀၀)နာရီတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ စွမ်းအင်နှင့် သတ္တုဝန်ကြီးဌာနရုံး ဧည့်ခန်းမတွင် စွမ်းအင်နှင့် သတ္တုဝန်ကြီးနှင့် တွေ့ဆုံကာ သတ္တုကဏ္ဍ၊ ရေအားလျှပ်စစ် ကဏ္ဍနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ကိစ္စရပ်များအပေါ် မိမိတို့၏သဘောထားအမြင်များကို ရင်းနှီးပွင့်လင်စွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

သြဂုတ်လ ၁၉ ရက်နေ့၌ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသော သြစတြေးလျှနိုင်ငံအခြေစိုက် Pan Aust Mining Co., Ltd. ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် Phu Bia Mining Co., Ltd. သို့ သွားရောက်၍ သတ္တုတူးဖော်ခြင်းလုပ်ငန်းအဆင့်ဆင့်၊ စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်ခြင်း၊ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများအတွက်ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနည်းပါစေရေးအတွက် အချိန်နှင့် တပြေးညီစောင့်ကြည့်ရေးစနစ်များ တပ်ဆင်ကာ အနီးကပ် ဆောင်ရွက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောပြန်လည်ပြုစု တည်ထောင်ခြင်းလုပ်ငန်းများ၊ ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်ယူဆောင်ရွက်မှု အခြေအနေများကို လေ့လာ ကြည့်ရှု့ခဲ့ကြောင်း သိရှိရသည်။ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သြဂုတ်လ(၂၀)ရက်နေ့၊ ဒေသစံတော်ချိန် (၁၈:၄၅)နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။