ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သစ်တောတက္ကသိုလ် (ရေဆင်း) သို့သွားရောက်

(၁၂-၁-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၄ : ဝ၀)နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တော တက္ကသိုလ် (ရေဆင်း)ဘွဲ့နှင်းသဘင်ခန်းမ၌ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအားတွေ့ဆုံ၍ သြဝါဒစကား မိန့်ကြားခဲ့ပြီး သစ်တောတက္ကသိုလ်ရှိ စာသင်ဆောင်များ၊ လက်တွေ့ခန်းများနှင့် စာကြည့်တိုက်တို့အား ကြည့်ရှုစစ်ဆေးပါသည်။ သစ်တောတက္ကသိုလ်၏ သင်ကြား ရေးနှင့် အထောက်အကူပြုပစ္စည်း လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရန် မှာကြားခဲ့ပြီး သစ်တောသုတေသနဌာနသို့ ဆက်လက်ထွက်ခွာ ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ သစ်တောသုတေသနဌာနရှိ အပင်မျိုးစုံမျိုးကွဲထိန်းသိမ်းရေး သုတေသနဌာန၊ ရေနေဇီဝမျိုးစုံမျိုးကွဲ သုတေသနဌာန၊ ဆေးဘက်ဝင်အပင်များသုတေသနဌာန၊ လူသုံးနည်းသစ်မျိုးများပြခန်းနှင့် စွမ်းအားမြှင့်မီးဖိုထုတ်လုပ်ရေးသုတေသနဌာန၊ သစ်အင်္ဂါဗေဒပြခန်း၊ ယူကလစ်တစ်ရှုးဓာတ်ခန်းခွဲ၊ ရေမြေသားငှက်နှင့် သစ်တောသယံဇာတဌာနစုရှိ သစ်တောမြေဓာတ်ခွဲခန်းနှင့် ရေဓာတ်ခွဲခန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များလမ်းညွှန်မှာကြားခဲ့ပါသည်။