ရန်ကုန်တိုင်းဒေသကြီးအတွင်းတရားမဝင်သစ်ဖမ်းဆီးရမိခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သစ်တော သယံဇာတများ ရေရှည်တည်တံ့ရေးထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျှက်ရှိပြီး တရားမဝင် သစ်ခိုးထုတ်ခြင်း၊ ကုန်သွယ်ခြင်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်အတွင်း(၃၁-၁-၂၀၁၇)ရက်နေ့အထိ တရားမဝင်သစ် စုစုပေါင်း (၄၀၈၂၅) တန် ကိုဖမ်းဆီး ရမိခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိသည့်ဖြစ်စဉ်များအနက် တရားမဝင်သစ်ပမာဏ အများအပြားဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခုအနေဖြင့်(၂၄-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများအဖွဲ့သည် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊(MIP)ဆိပ်ကမ်းဝင်း အတွင်းရှိ ကွန်တိန်နာ(၂)လုံးအတွင်းမှ တရားမဝင်ကျွန်းခွဲသား (၅၆၅)ချောင်း(၃၃.၆၀၄၂)တန် ဖမ်းဆီးရမိခဲ့ပြီး သတင်းကွင်းဆက် ဖော်ထုတ်ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ (၂၆-၁-၂၀၁၇)ရက်နေ့တွင် (MIP) ဆိပ်ကမ်းဝင်းအတွင်း သံသယဖြစ်ဖွယ် ကွန်တိန်နာ(၁၁) လုံးအား ဖွင့်ဖောက်စစ်ဆေးရာ တရားမဝင် ပိတောက်ခွဲသား (၁၁၆၉)ချောင်း (၁၆၃.၉၃၇၄)တန်အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်သစ်များနှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါက်သည့် (SMART EXPORT& IMPORT Co., Ltd. ၏ တာဝန်ရှိသူနှင့် ပါဝင်ပါတ်သက်သူ စုစုပေါင်း(၅)ဦးအား သစ်တောဥပဒေပုဒ်မ၊၄၃(က)အရ အလုံမြို့နယ်၊ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား၍ ရဲစခန်းမှ ပ-၂၆/၂၀၁၆-၂၀၁၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် (၂၈-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲ(၁)ရပ်ကွက် ၊ စကားဝါလမ်း၊ ခြံအမှတ် (၄၁၀/B)တွင် ခြံဝင်းအတွင်း မြေပြင်ပေါ်မှ တရားမဝင် (ပိတောက်/တမလန်း) စကွဲယား(၁၉၀၄)ချောင်း၊ (၁၆၇.၈၉၆၅)တန်နှင့် တရားမဝင်သစ်ထည့် သွင်းထားသော ကွန်တိန်နာ(၁၆)လုံးတွင် ကွန်တိန်နာအမှတ်၊ BL ZI 1206685 အပြာရောင် ကွန်တိန်နာ(၁) လုံးအတွင်းမှ တရားမဝင် ပိတောက်ခွဲသား(၁၅၆)ချောင်( ၁၅.၂၅၀၂)တန်၊ ကျန် ကွန်တိန်နာ(၁၅)လုံး (ဖွင့်ဖောက်တိုင်းတာဆဲ)မှ ပိတောက်ခွဲသား ခန့်မှန်း(၂၁၀)တန်ခန့်နှင့် ကွန်တိန်နာတင်(၁၀)ဘီးယာဉ်(၆)စီး၊ ကွန်တိန်နာအလွတ်(၈)လုံးတို့အား ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များနှင့်ပတ်သက်သည့် ခြံပိုင်ရှင် (ပါဝါဝင်းကုမ္ပဏီ)ပါ တရားခံ(၃)ဦးအား သစ်တောဥပဒေပုဒ်မ၊၄၂(ခ)၊ ရာကြီး အမှတ်၊၁၀၅/၂၀၁၇ ဖြင့်လည်းကောင်း၊ ထွက်ပြေးတရားခံ(၃)ဦးနှင့် ယာဉ်ပိုင်ရှင်(၆)ဦးတို့အား တရားဥပဒေပုဒ်မ၊ ၄၂(ခ)၊ ၄၇(ခ)၊ ရာကြီးအမှတ်၊ ၁၁၉/၂၀၁၇ ဖြင့်လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ တရားရုံးတွင် တရားစွဲဆိုထားရှိသည်။

ထပ်မံရရှိသည့်သတင်းများအရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်(စီမံခန့်ခွဲရေး) ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောအဖွဲ့သည်(၃၁-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)၊ ဦးထွန်းညိုလမ်း၊ ခြံအမှတ်(၁၇၀)နှင့် ၎င်းခြံ၏မျက်နှာချင်းဆိုင် ခြံအမှတ် ၊ ၁၆/၆၄ ရှိ ဂိုဒေါင်များအတွင်းဥပဒေနှင့်အညီ ဝင်ရောက်စစ်ဆေးရာ တရားမဝင် (ပိတောက်/တမလန်း)ခွဲသား(၂၅၁၈) ချောင်း(၂၉၃.၃၄၉၆)တန်အား ဖမ်းဆီး ရမိခဲ့ပြီး တရားခံ(၃)ဦးအား သစ်တောဥပဒေပုဒ်မ၊၄၂(ခ)၊ ရာကြီးအမှတ်၊ ၁၂၂/၂၀၁၇ ဖြင့်လည်းကောင်း၊ ထွက်ပြေးတရားခံ(၁)ဦးအား သစ်တောဥပဒေပုဒ်မ၊၄၂(ခ)၊ ပြစ်ထွေ ၁၅/၂၀၁၇ အရလည်းကောင်း ရွှေပြည်သာ မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားရှိသည်။

အဆိုပါအဖွဲ့မှ (၁-၂-၂၀၁၇)ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ မွေးမြူရေးဇုန်၊ ရွေရင်အေးကျောင်းလမ်း၊ အမှတ်(၉၆)အတွင်းမှ တရားမဝင် (ကျွန်း၊ ပိတောက်၊ ကုက္ကို) ခွဲသား(၈၅၀)ချောင်း (၃၈.၄၄၃၄)တန် ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များနှင့် ပတ်သက်သည့် (Kyaw Maw-19) Co., Ltd. နှင့် မင်းဇာဏီ Co.Ltd မှ တာဝန်ရှိသူ (၂)ဦး၊ ထွက်ပြေးတရားခံ(၃) ဦးတို့အား လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၃(က) ၊ ၄၂ (ခ) တို့အရ အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းမှအမှုမှတ် (ပ) ၇၉/၂၀၁၇ ဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ (၈-၂-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သစ်တာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော အဖွဲ့သည် လှိုင်သာယာမြို့နယ်၊ မွေးမြူရေးဇုန်(၅)၊ ရွှေရင်အေး ကျောင်းလမ်းသွယ်(၄) ၊ ခြံအမှတ် (၂၁)တွင် တရားမဝင် (ကျွန်း၊ပိတောက်၊ကုက္ကို) ခွဲသား(စီစစ်ဆဲ) ခန့်မှန်း စုစုပေါင်း(၁၂၃) တန်ခန့် ထပ်မံထမ်းဆီးရမိခဲ့ပြီး ခြံပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများအား သစ်တောဥပဒေပုဒ်မ၄၃ (က)၊ ၄၂(ခ) အရ လှိုင်သာယာမြို့နယ် ၊ သောင်ကြီးရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

တရားမဝင်သစ်များအား ဆက်လက်စုံစမ်းဖော်ထုတ်ရာ (၁၀-၂-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများပါဝင်သောအဖွဲ့သည် တောင်ဒဂုံမြို့နယ်အတွင်းမှ တရားမဝင် (ကျွန်း၊ ပိတောက်) (၁၁၅)တန်ခန့်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိ၍ တရားခံအား ပပက ဥပဒေပုဒ်မ၊ ၆(၁)အရ အရေးယူထားရှိသည်။

ဖမ်းဆီးရမိမှုများအပေါ် သတင်းကွင်းဆက် ထပ်မံဖော်ထုတ်ချက်များအရ (၁၂-၂-၂၀၁၇)ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောအဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှ တရားမဝင် (တမလန်း၊ ပိတောက်) (၆၀)တန်ခန့်အား တရားခံ(၂)ဦးနှင့်အတူ ထပ်မံဖမ်းဆီးရမိ၍ အဆိုပါတရားခံများအား ပပက ဥပဒေပုဒ်မ၊ ၆(၁)ဖြင့် အရေးယူထားရှိသည်။

(၂၄-၁-၂၀၁၇)ရက်နေ့မှ (၁၂-၂-၂၀၁၇)ရက်နေ့အထိ (၃)ပါတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းတရားမဝင် (ကျွန်း၊ တမလန်း၊ ပိတောက်၊ကုက္ကို) စုစုပေါင်း (၁၂၀၀)တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တရားမဝင်သစ်များအား ဆက်လက်စုံစမ်းဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။