ညာလာ သမင် အမ(၁)ကောင်မှ ညာလာသမင်ကလေးငယ်(အမ) (၁)ကောင် မွေးဖွားခြင်း

ညာလာသမင်များသည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် တောင်အာဖရိကနိုင်ငံမှ ဆာဖရီ ဥယျာဉ်(နေပြည်တော်)သို့ အထူးကုန်တင်လေယာဉ်ဖြင့် ရောက်ရှိခဲ့ပါသည်။ တွေ့ရှိရာဒေသ မှာ တောင်အာဖရိကနိုင်ငံ၊ ဇင်ဘာဘွေ၊ မာလာဝီနိုင်ငံများတွင်တွေ့ရှိရပါသည်။ အရပ်အမြင့် မှာ (၂.၆) ပေ မှ (၄)ပေ အထိရှိကြပြီး အလျားမှာ (၄.၅)ပေမှ (၆.၅)ပေ အထိရှိကြပါသည်။ ကိုယ်အလေးချိန်မှာ (၂၁၂)ပေါင် မှ (၃၈၀)ပေါင်အထိရှိပြီး ခွာပါအမျိုးအစားဖြစ်ပါသည်။ မျက်လုံးခုနှစ်ခုကြားတွင် အဖြူရောင်အစင်းနှင့် အမြီးများတွင် အဖြူရောင်ရှိပါသည်။ မျက်နှာ၊ လည်ပင်း၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် အဖြူရောင်အစက်များပါရှိပါသည်။ အမများသည် ဦးဂျိုမပါရှိဘဲ အထီးများတွင်သာပါရှိပြီး အထီးများသည် အမများထက် အရွယ်အစားပို၍ကြီးပါသည်။ ညာလာသမင်များ၏ ခြေထောက်အောက်ပိုင်းတွင် ညိုဝါရောင်ပါရှိပါသည်။ ညာလာသမင်များသည် ကြောက်တတ်၊ ရှက်တတ်၍ သတိကြီးစွာသွားလာတတ်ကြပါသည်။ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လှုပ်ရှားသွားလာတတ်ကြပြီး နေပူချိန်များတွင် ခြုံထူသည့်နေရာများတွင် နားနေတတ်ကြပါသည်။ ၄င်းတို့သည် အန္တရာယ်ရှိပါက ခွေးဟောင်သံကဲ့သို့ စူးရှစွာအော်ဟစ်တတ်ကြပါသည်။ အမများသည် (၁၁)လ မှ (၁၂)လတွင် အရွယ်ရောက်၍ အထီးများသည် (၁၈)လတွင် အရွယ်ရောက်ကြပါသည်။ ကိုယ်ဝန်ဆောင်ကာလမှာ (၇)လကြာမြင့်ပြီး၊ (၁)ကြိမ်လျှင်(၁)ကောင်သာ ပေါက်ဖွားတတ်ကြပါသည်။ ၎င်း ညာလာသမင်ပေါက်ကလေးများသည် မိခင်မှ သဘာဝအတိုင်းမွေးဖွားပြီး (၆)လအရွယ်တွင် သားခွဲကြပါသည်။ ညာလာသမင်၏ သက်တမ်းမှာ (၁၆)နှစ်မှ (၁၇)နှစ်အထိရှိပါသည်။ ၄င်းတို့သည် အသီးအရွက်စား သတ္တဝါများဖြစ်ပြီး ကျားသစ်၊ ခြင်္သေ့၊ တောခွေးများ၏ အနှစ်သက်ဆုံး အမဲလိုက်သတ္တဝါများလည်းဖြစ်ကြပါသည်။ ယခုအခါတွင် ထိုညာသမင်များကို ဆာဖာရီဥယျာဉ် (နေပြည်တော်)တွင် အုပ်စုဖွဲ့နေထိုင်ကျက်စားနေကြသည်များကို လာရောက်လေ့လာမြင်တွေ့နိုင်ပါသည်။

ဆာဖာရီဥယျာဉ်(နေပြည်တော်)တွင် မွေးမြူပြသထားသော ညာလာသမင် အထီး(၅)ကောင်၊ အမ(၉)ကောင်၊ စုစုပေါင်း(၁၄)ကောင်ရှိသည့်အနက် ညာလာ သမင် အမ(၁)ကောင်မှ (၁၀-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၈ : ဝ၀)နာရီအချိန်တွင် ညာလာသမင် ကလေးငယ်(အမ) (၁)ကောင်အား ကောင်းမွန်စွာမွေးဖွားခဲ့ပြီး မိခင်ရော ကလေးပါ လန်းဆန်း ကျန်းမာလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။