သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နော်ဝေနိုင်ငံရှိ စပါးဘတ် ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ် (Svalbard Global Seed Vault) တွင် မြန်မာနိုင်ငံမှ သစ်ခွမျိုးစေ့များ ထိန်းသိမ်းထားရှိရန် အပ်နှံသည့်အခမ်းအနားသို့ တက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ရန်ကုန် မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး နော်ဝေနိုင်ငံ၊ မြို့တော် အော်စလိုမြို့သို့ ရောက်ရှိလာရာ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် နော်ဝေနိုင်ငံ ရာသီဥတုနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန (Ministry of Climate and Environment) ဝန်ကြီး H.E Mr. Vidar Helgesen နှင့်တွေ့ဆုံ၍ သစ်တောသယံဇာတများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိရေးဆိုင်ရာ နော်ဝေ-မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုစီမံကိန်းများ အကောင်အထည် ဖော်မှုနှင့်စပ်လျဉ်း၍ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် နော်ဝေနိုင်ငံ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဝန်ကြီးဌာန (Ministry of Agriculture and Food) သို့ သွားရောက်၍ ဝန်ကြီး H.E. Mr. Jon George Dale နှင့်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး Svalbard ရှိ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ် (Svalbard Global Seed Vault) တွင် မြန်မာနိုင်ငံမှ သဘာဝသစ်ခွ မျိုးစိတ် (၂၇၀) ကျော်၏ မျိုးစေ့များ အပ်နှံထားရှိသည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ သည်။

နော်ဝေနိုင်ငံ Svalbard ဒေသတွင် ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်ကို တည်ထောင်ထားပြီး ကမ္ဘာတစ်ဝန်းစိုက်ပျိုးသီးနှံပင်မျိုးစိတ်များ၏ မျိုးစေ့များကို စုဆောင်း၍ သိပ္ပံနည်းကျ ထိန်းသိမ်းသိုလှောင်ထားရှိပြီး အပင်မျိုးစိတ်များ အကြောင်းကြောင်းကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားမည့် အန္တရာယ်မှ တားဆီးကာကွယ်သည့် အစီအစဉ်ကို အကောင်အထည် ဖော်လျက်ရှိသည်။

အဆိုပါ မျိုးစေ့ဘဏ်ကို နော်ဝေနိုင်ငံ မြောက်ဝင်ရိုးစွန်းဒေသ Svalbard (စပါးဘတ်)ဒေသ ဆီးနှင်းများ အမြဲဖုံးလွှမ်းလျက်ရှိသော တောင်တန်း (Permafrost mountain) အတွင်း တည်ဆောက်ထားပြီး အပူချိန် အနုတ် (၁၈)ဒီဂရီဆဲလ်စီးယပ်တွင် မျိုးဗီဇနှင့် မျိုးစေ့များကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားခြင်းဖြစ်သည်။ ယင်းမျိုးစေ့ဘဏ်ကို ၂၀၀၈ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ကမ္ဘာ့စိုက်ပျိုးသီးနှံအားလုံး၏ သုံးပုံတစ်ပုံဖြစ်သော စိုက်ပျိုးသီးနှံ မျိုးစိတ်/မျိုးကွဲ (၈၃၃,၉၂၆) မျိုးကို ထိန်းသိမ်း သိုလှောင်ထားပြီးဖြစ်သည်။

စိုက်ပျိုးသီးနှံမျိုးစိတ်များအပြင် သဘာဝသစ်ခွမျိုးစိတ်များ၏ မျိုးစေ့များကို Svalbard ရှိ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်တွင် ထိန်းသိမ်းသိုလှောင်ထားရှိခြင်းမှာ မြန်မာနိုင်ငံမှ ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် Elverum မြို့ရှိ နော်ဝေ သစ်တောပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းတို့ လိုက်ပါခဲ့ကြပြီး နော်ဝေနိုင်ငံ ပတ်ဝန်းကျင်အေဂျင်စီ (Nowaigian Environment Agency) အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာ-နော်ဝေနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတားဆီးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေရှိရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။