သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ “ထင်းအစားအခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲ အခမ်းအနား”

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ “ထင်းအစားအခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲ အခမ်းအနား”ကို ၂၀၁၇ ခုနှစ်၊ မတ်လ (၂)ရက်နေ့၊ နံနက်(၀၉ : ဝ၀)နာရီတွင် ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒေါက်တာအောင်မိုးညိုတို့ တက်ရောက်ကာ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဒေသခံ NGO/CSO များ၊ မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသရှိ လောင်စာ တောင့်နှင့် စွမ်းအားမြှင့်မီးဖိုလုပ်ငန်းရှင်များ၊ ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာဆုနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းထူးချွန်ဆုရရှိသည့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ သတင်းမီဒီယာမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ကြပါသည်။

ယခုကျင်းပသည့် ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ခြင်းနှင့် ပညာပေးပြခန်းကျင်းပပြုလုပ်ခြင်းဖြင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှပါ ထင်းအစား အခြားလောင်စာတိုးမြှင့် သုံးစွဲရေး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခန်းကဏ္ဍတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာကြ စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်း စွမ်းအားမြှင့်မီးဖိုများနှင့် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲခြင်း၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းဖြင့် သဘာဝတောများအပေါ် မှီခိုမှုလျော့နည်းစေကာ ဒေသတွင်းသစ်တောဂေဟစနစ်များ ပိုမိုကောင်းမွန်လာပြီး ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ဒေသခံပြည်သူများ၏လူမှုစီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်လာစေခြင်းစသည့် အကျိုး ရလဒ်များ ထွက်ပေါ်ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ သစ်တောဦးစီးဌာနမှ စိုက်ပျိုးတည်ထောင်ထားသော စိုက်ခင်းအမှတ် ၁/၂၀၁၆၊ ကျေးရွာသုံး စိုက်ခင်း(၅၀) ဧကနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စိုက်ပျိုးတည်ထောင်ထားသော စိုက်ခင်းအမှတ် ၁/၂၀၁၆ (၅၀)ဧက တို့အား လုပ်ငန်းဆောင်ရွက်ထားရှိမှုကို သွားရောက်စစ်ဆေးခဲ့သည်။