၂၀၁၇ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနား

၂၀၁၇ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်၊ ၁၂-၃-၂၀၁၇ ရက်နေ့၊ နေ့လယ်(၁ : ဝ၀)နာရီတွင် နေပြည်တော်ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများနှင့် တာဝန် ရှိသူများ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ် လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသည်။

အဆိုပါ အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များ၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း/ ဌာနအသီးသီးမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများစုပေါင်း၍ ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

အခမ်းအနားတွင် သံဃာတော်အရှင်မြတ် ၁၆၅ ပါး၊ သီလရှင်ဆရာကြီး ၉ ပါး၊ လူပုဂ္ဂိုလ်အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံ ဆိပ်တော်များကို ဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့သည်။