တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သောသစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတိုးမြှင့်ဆောင်ရွက်ခြင်း (FLEGT-VPA )ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတိုးမြှင့်ဆောင်ရွက်ခြင်း (FLEGT-VPA) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို (၁၀-၃-၂၀၁၇)ရက်နေ့တွင် မကွေးမြို့နန်းထိုက်သူဟိုတယ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ ဝန်ကြီးကအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သစ်တော ဖုန်းလွှမ်းမှုဟာ ၁၉၇၅ ခုနှစ်မှာ ၆၁% ရှိရာမှ ၂၀၁၀ ခုနှစ်တွင် ၄၇% ၂၀၁၅ ခုနှစ်မှာ ၄၂.၉၂% သို့ လျော့နည်းလာပြီး၊ ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း (၂၀) အတွင်း သစ်တောဖုံးလွှမ်းမှု ပျမ်းမျှနှစ်စဉ် ၀.၉၅% ဆုံးရှုံးနေသည်ကိုလည်း သစ်တောသယံဇာတ ကောက်ယူမှုစာရင်းများအရ တွေ့နိုင်ပါကြောင်း၊ သစ်တောပြုန်းတီးမှုကို ဖြစ်စေသော အကြောင်းအရင်း များစွာတွင် သစ်အလွန် အကျွံ ခုတ်လှဲထုတ်လုပ်ခြင်းသည် အရေးကြီးသော အကြောင်းရင်း တစ်ခုအဖြစ်ပါဝင်ပြီး တရားဝင်သစ် အမြောက်အများ ထုတ်လုပ်ခြင်းနှင့် တရားမဝင်သစ် ထုတ်ယူမူများပါဝင်ပါကြောင်း၊ တရားမဝင်သစ် ထုတ်လုပ်ခြင်းအပြင် ယင်းနှင့်ဆက်စပ် လျက်ရှိသော သစ်ကုန်သွယ်မှုသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် တရားမဝင် သစ်များကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြားနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် တင်ပို့လျက် ရှိပါကြောင်း၊ တရားမဝင်သစ်ထုတ်လုပ်မှုများကြောင့် နိုင်ငံတော်ဝင်ငွေ ထိခိုက်နစ်နာလျှက်ရှိပြီး၊ သစ်တောထွက်ပစ္စည်းနှင့်ပတ်သက်၍ စီးပွားရှာနေသော ကုမ္ပဏီများအနေဖြင့်လည်း စီးပွားရေး မတည်ငြိမ်မှုများ၊ ရင်းနှီးမြှပ်နှံရန် မသေချာမှုများ၊ အခြား မလိုလားအပ်သော ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ခံစားနေရပါကြောင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ စီးပွားရေးလက်ဝါးကြီးအုပ်သူများ၏ မြေယာရယူမှုများကြောင့် ဌာနေတိုင်းရင်းသားများမှာ ၎င်းတို့၏ မူလရပိုင်ခွင့်နှင့် အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း၊ အကျိုးဆက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများအပြင်၊ လူမှု စီးပွားရေးကိစ္စများကိုပါ ထိခိုက်လာပြီး နိုင်ငံအတွင်းတွင်လည်း အကျင့်ပျက်ခြစားမှုများဖြစ်ပေါ်လာစေပါကြောင်း၊ အဓိကအားဖြင့် ဥရောပသမဂ္ဂက ၎င်းတို့ ဥရောပနိုင်ငံများအတွင်း တရားမဝင်သစ် ထုတ်လုပ် ခြင်းနှင့် တရားမဝင်သစ် ကုန်သွယ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို လျော့နည်းပပျောက်စေရန် လုပ်ငန်းစီမံချက်တစ်ခုကို ရေးဆွဲခဲ့ပြီး၊ အဆိုပါ စီမံချက်ကို FLEGT Action Plan ဟုခေါ်ဆိုကြောင်း၊ တရားဝင်သစ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို အားပေးခြင်းအပြင် သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်နိုင်သော စွမ်းရည်များ တိုးတက် လာအောင် လုပ်ဆောင်စေခြင်းအားဖြင့် တရားမဝင် သစ်ခုတ်လှဲထုတ်လုပ်ခြင်း ကို လျှော့ချနိုင်စေရန် နှင့် သစ်တောအုပ်ချုပ်မှုနှင့်ပတ်သက်၍ သက်ဆိုင်သူများ ပါဝင်ဆုံးဖြတ်ချက်ချခြင်း၊ အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်ကို တိုးတက်လာစေရန် ရည်ရွယ်သဖြင့်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွား လုံခြုံစိတ်ချရရေးနှင့် စဉ်ဆက်မပြတ် ညီညွတ်မျှတသော သစ်တောသယံဇာတ ခွဲဝေသုံးစွဲနိုင်ရေးကို အထောက်အပံ့ ဖြစ်စေသည့် သစ်တောစီမံခန့်ခွဲအုပ်ချုပ်ခြင်း တိုးတက်ကောင်းမွန်လာစေရန်အတွက် FLEGT-VPA ကို မြန်မာနိုင်ငံတွင် လုပ်ဆောင်ရန် လိုအပ်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် National FLEGT Facilitator ဖြစ်သူ ဦးကျော်ထွန်းက အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ FLEGT နှင့် ပတ်သတ်သည့် အကြောင်းအရာများနှင့် တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်နှင့်ပတ်သတ်သော အကြောင်းအရာများကို ရှင်းလင်း တင်ပြပြီး၊ မြန်မာနိုင်ငံ၌ FLEGT-VPA လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကုန်သွယ်ရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်မြမြထွေးက ရှင်းလင်းတင်ပြသည်။

ထို့နောက် FLEGT-VPA တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအကြောင်းကို မကွေးတိုင်းဒေသကြီးမှ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး Green Network Sustainable Group ညှိနှိုင်းရေးမှူး ဦးမျိုးမြင့်ဦး(ခ)ဦးအိုလာက ရှင်းလင်းတင်ပြခြင်း၊ ပုဂ္ဂလိကကဏ္ဍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို မြန်မာ နိုင်ငံ သစ်တောထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်းချုပ် (MFPMF) မှ အကြံပေး ပုဂ္ဂိုလ် ဦးမျိုးမင်းက ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များအရ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အုပ်စုကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးတင်ပြခြင်းနှင့်အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များအား စုစည်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

EU ၏ FLEGT Action Plan တွင် သစ်ထုတ်သော နိုင်ငံများအတွက် အထောက်အပံ့ တစ်ခု ဖြစ်စေရန်၊ တရားဝင်သစ်ကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်စေရန်၊ တရားဝင်သစ် ဝယ်ယူရေးမူဝါဒ (Public Procurement Policy) ကို တိုးမြှင့်ဆောင်ရွက်စေရန်၊ ရှေ့ပြေးလုပ်ဆောင်မည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကဏ္ဍ (Private Sector) ကို အထောက်အပံ့ဖြစ်စေရန်၊ ငွေကြေးထောက်ပံ့မှုနှင့် ရင်းနှီးမြှပ်နှံမှုများ လုံခြုံစိတ်ချရသော အကာအကွယ်အစီအမံများ (Safeguards) ဆောင်ရွက်ထားရှိ လာစေရန်၊ ရှိပြီးသော (သို့မဟုတ်) အသစ်ပြင်ဆင်ထားသော ဥပဒေများကို သက်ဝင်ကျင့်သုံးလာစေ ခြင်းဖြင့် စီမံချက် (FLEGT Action Plan) ကို အထောက်အပံ့ဖြစ်စေရန်၊ မငြိမ်းချမ်းသော နေရာ ဒေသများမှ သစ်ထုတ်မှုများ (Conflict Timber)နှင့် ဆက်နွယ်သည့်ပြဿနာများကို ဖြေရှင်းနိုင် စေရန် စသည်တို့ကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

FLEGT Action Plan အစီအမံများတွင် တရားဝင်သစ်ကိုသာလျှင် ဝယ်ယူခြင်း (Demand for Legal Timber) နှင့် တရားဝင်သစ်ကိုသာလျှင် ထုတ်လုပ်တင်ပို့ခြင်း (Supply of Legal Timber) တိုးတက်လာစေရန်အတွက် ပုံဖော်ရေးဆွဲထားကြောင်း သိရပြီး FLEGT- VPA လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်တစ်ခု သတ်မှတ်နိုင်ခြင်း၊ သစ်ထောက်ပံ့ရေး ကွင်းဆက်ကို ခြေရာခံသည့်စနစ်တစ်ခု ဖော်ထုတ်နိုင်ခြင်း၊ သစ်တောကဏ္ဍ စီမံအုပ်ချုပ်ခြင်းတွင် တိုးတက်ကောင်းမွန်လာနိုင်ခြင်းစသည့် ရလဒ်ကောင်းများရရှိ လာမှာဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မကွေးတိုင်းရှိ CSOs အဖွဲ့များမှ ကိုယ်စားလှယ်များ၊ သစ်တောထွက် ပစ္စည်းဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ FLEGT Interim Task Force မှ အဖွဲ့ဝင် များနှင့် FLEGT Secretariat ရုံးမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၂၈၀ ဦးခန့် တက်ရောက် ခဲ့ကြပါသည်….