သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာ စီမံကိန်းအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာ စီမံကိန်းအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ သစ်တောများ၏ အစစ်အမှန်တန်ဖိုးနှင့် သစ်တောသစ်ပင်များမှ အထောက်အပံ့ပြုသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ၏ အရေးပါပုံကို ပြည်သူလူထုအားလုံး သိရှိနားလည်စေရန် ရည်ရွယ်၍ ကုလသမဂ္ဂအထွေထွေညီလာခံမှ နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အဖြစ် သတ်မှတ်ကြေငြာခဲ့ပြီး သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများကို ပြည်သူများအကြား ပိုမိုတိုးပွားလာစေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဌာနအသီးသီးမှ တာဝန်ရှိ သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ် များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ သုတေသီများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။အခမ်းအနားအပြီးတွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း၊ စုဝေးခန်းမအတွင်း ခင်းကျင်းပြသထားသည့် အပြည်အပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်ပိုစတာများအား ပြည်ထောင်စုဝန်ကြီးနှင့်တက်ရောက်လာသူများမှ လှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။