ငလိုက်ဆည်အား အခြေပြု၍ ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းဖွင့်ပွဲ

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသိရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် (၂၁၇/၀) မှ (၂ ) ဖာလုံခန့်အကွာ၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ်(၇၈)တွင် ငလိုက်ဆည်အား အခြေပြု၍ ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို (၈-၅-၂၀၁၇)ရက်နေ့ နံနက် (၈:၀၀)နာရီအချိန် တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မှ ဖွင့်လှစ်ပေးခဲ့ပါသည်။ နေပြည်တော်(တောင်ပိုင်း) သစ်ထုတ်ရေးဒေသရှိ လုပ်ငန်းခွင်တွင် အနားပေးထားသည့် ဆင် များနှင့် အမိနောက်လိုက်ဆင်ကလေးများအား ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းတွင် ဆင်များအားကြည့်ရှုလေ့လာနိုင်ခြင်း၊ ဆင်အကြောင်းသိကောင်းစရာ အချက်အလက်များအား ရှင်းလင်းပြသပေးခြင်း၊ သက်ကြီးကျွန်းစိုက်ခင်းအတွင်း ဆင်စီး၍လေ့လာနိုင် ခြင်း၊ ဆင်များအစာကျွေးခြင်း၊ ဆင်များ၏ သဘာဝအတိုင်း စားသောက်နေထိုင်မှုများအား ဆင်ဦးစီး များနှင့်အတူလေ့လာခြင်း၊ ဆင်ဝန်ထမ်းများကျေးရွာတွင် ဝန်ထမ်းများ၏နေထိုင်မှု သဘာဝအား လေ့လာနိုင်ခြင်း၊ ကမ်းခြေစားသောက်ဆိုင်တွင် အပမ်းဖြေအနားယူနိုင်ခြင်းနှင့် ငလိုက်ဆည်အတွင်း အပျော်စီးစက်လှေဖြင့် လေ့လာကြည့်ရှုခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဆင်များ အား နေ့စဉ် နံနက်(၈:၀၀)နာရီမှ ညနေ(၁၈:၀၀)နာရီအထိ ဆင်စခန်းတွင်ထားရှိပြီး အများပြည်သူများ လေ့လာ နိုင်မည်ဖြစ်ပါသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)နှင့် လုပ်ငန်း/ဌာနအသီးသီးမှ အရာရှိကြီးများ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။