ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ဆင်မုဆိုးများအား ဆင်သားရေခွံ ခြောက်လက်နက်များနှင့်အတူဖမ်းဆီးရမိခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သယံဇာတများ ရေရှည်တည်တံ့ စေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး သစ်တောထွက်ပစ္စည်းများ၊ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံးမျိုးကွဲများအား တရားမဝင်ထုတ်ယူ ဖမ်းဆီးသယ်ဆောင်ရောင်းဝယ် ဖောက်ကားခြင်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဖမ်းဆီးရမိမှုဖြစ်စဉ်များအနက် ဖမ်းဆီးရမိမှုဖြစ်စဉ်တစ်ခုအနေဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ သာယာဝတီမြို့မရဲစခန်းနှင့် သစ်တောလုံခြုံရေးတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်းသာယာဝတီသစ်ထုတ်ရေးမှ ဝန်ထမ်းများ ကျောက်နိုင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ဒေသခံပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောရိုင်းတိရစ္ဆာန်များအား တရားမဝင် ပစ်ခတ်ဖမ်းဆီးပြီး၊ တိရစ္ဆာန်များ၏ခန္ဒာကိုယ်အစိတ်အပိုင်းများလှီးဖြတ်သယ်ယူ၍ ရောင်းဝယ်ဖောက်ကားသူများအား ကွင်းဆင်းစစ်ဆေး ရှာဖွေရာ (၁၄-၅-၂၀၁၇) ရက်နေ့ (၁ဝ : ၃၀)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်ကြိုးဝိုင်းအကွက်အမှတ်(၄၃) ရေအောက်တောကြောပေါ်တွင် ခန့်မှန်းမြေပုံအညွှန်း JV-828734 နေရာတွင် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် သာစည်ကျေးရွာအုပ်စု စမ်းကျေးရွာနေ ဦးသန်းဇော်ဦး (ဘ)ဦးဇော်ဝင်း (၂၃)နှစ်နှင့် ဦးအောင်ရာ(ဘ)ဦးရှင်(၄၃)နှစ် ဆင်မုဆိုး(၂)ဦးအား သက်သေခံပစ္စည်းများဖြစ်သည့် ပီနံအိတ်(၆)လုံးဖြင့် ထည့်ထားသော ဆင်သားရေခွဲအခြောက်(၇၀.၅၀)ပိဿာ၊ တူမီးသေနတ်(၂)လက်၊ ဆက်စပ်ပစ္စည်းများအတူ ဖမ်းဆီးရမိပါသည်။

ဖမ်းဆီးရမိတရားခံများအား ဖမ်းဆီး ခေါ်ဆောင်၍ ဆင်သတ်ထားသောနေရာသို့ သွားရောက်ရှာဖွေရာ သုံးဆယ်ကြိုးဝိုင်း အကွက်အမှတ်(၁၁၃)၊ ဖျံချောင်းဖျား ခန့်မှန်း မ.ပ.ည JV-839702 နေရာတွင် ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်၍ အရေခွံခွာထားပြီး သေဆုံးနေသည့် ဆင်မတစ်ကောင်ကို စစ်ဆေးတွေ့ရှိရပါသည်။ ဖမ်းဆီးရမိသည့် ဆင်မုဆိုး(၂)ဦးအား သာယာဝတီမြို့မရဲစခန်းတွင် သားငှက်ဥပဒေ ပုဒ်မ(၃၇)ကနှင့် လက်နက်ဥပဒေပုဒ်မ ၁၉(ခ)ဖြင့် အမှုဖွင့်ထားရှိပြီး ဆက်စပ်ပတ်သက်သူများအား ဆက်စပ်စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး စိစဉ်လျက်ရှိပါသည်။