သပိတ်ကျင်းမြို့နယ်၊ အုန်းတကူးကျေးရွာအနီးဒဏ်ရာရ တောဆင်ရိုင်း (၁) ကောင် အား လိုက်လံစောင့်ကြပ်၍ ဆေးကုသမှု စီစဉ်ဆောင်ရွက်လျက်ရှိခြင်း

၁၀-၅-၂၀၁၇ ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုန်းတကူးကျေးရွာ အနောက် မြောက်ဘက် (၁) မိုင်ခွဲခန့်အကွာတွင် တောဆင်ရိုင်း(၁)ကောင် ဒဏ်ရာများဖြင့်တွေ့ရှိရကြောင်း သတင်းအရ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ရွှေဥဒေါင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ မြန်မာ့သစ်လုပ်ငန်း၊ သတ္တုဗေဒဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးတပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲတို့ ပါဝင်သောပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရှာဖွေကာ ၁၂-၅-၂၀၁၇ ရက်နေ့(၁၀:၁၀)နာရီအချိန်တွင် မြန်မာ့သစ်လုပ်ငန်းမှ ကွန်ဂျီဆင် (၃)ကောင်ဖြင့် ဆင်သွားရာ လမ်းတစ်လျောက် လိုက်လံစောင့်ကြပ် ထိန်းချုပ်ခေါ်ဆောင်ပြီး ၎င်းတောဆင်အား မေ့ဆေး အသုံးပြု၍ဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့ရာ ညာဘက်တင်ပါးတွင် ဒဏ်ရာ(၂)ချက်၊ ညာလက်တွင် ဒဏ်ရာ (၁) ချက် တို့ကို ဦးစွာဆေးကြောသန့်စင် ဆေးထည့်ခြင်း၊ ညာဘက်တင်ပါးရှိ (၆) လက်မခန့် သစ်သားချောင်းဖြင့်တွဲလျက် သံအဆိပ်လူးမြှား ဒဏ်ရာကိုခွဲစိတ်ကုသခြင်း၊ ဖြေဆေး ထိုးခြင်းဆောင်ရွက်ခဲ့ရာ ဆင်မှာတောအတွင်းသို့ ပြန်လည်လမ်းလျှောက်ထွက်ခွာနိုင်ခဲ့ပြီး ယခုကဲ့သို့ ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းကာ ဆက်လက် ဆောင်ရွက် လျက်ရှိပါသည်။

တောဆင်ရိုင်းများသည် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြများထိန်းသိမ်းရေးဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်စာရင်း တွင်ပါဝင်ပြီး တောဆင်ရိုင်းသတ်ဖြတ်ခံရမှုမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ စုစုပေါင်း (၆၉) ကောင်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးတွင်၂၀၁၁ ခုနှစ်၌ တောဆင်ရိုင်း(၁)ကောင်တရားမဝင် သတ်ဖြတ်ခံရမှုကို နောက်ဆုံးတွေ့ ရှိခဲ့ရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၊ ဧပြီလတွင်(၁) ကောင်၊ မေလတွင် (၂)ကောင် သတ်ဖြတ်ခံရပြီး ယခုကဲ့သို့ဆင်(၁)ကောင်မှာ မုဆိုးများကြောင့်ဒဏ်ရာရရှိခြင်းတို့သည် ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ ဆင်မုဆိုးများကို ထိထိ ရောက်ရောက် ဖော်ထုတ်အရေးယူခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဝန်းကျင်သို့ ဆင်မုဆိုးများ ရွှေ့ပြောင်း၍ တောဆင်ရိုင်းသတ်ဖြတ်မှုများအား ပြုလုပ်ခြင်း ဖြစ်နိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ (၂၀၀၀)ခန့်သာ ကျန်ရှိတော့သည် ဟု ခန့်မှန်းရပြီး ဆင်မုဆိုးများ၏သတ်ဖြတ်ခြင်းမှ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်နိုင်ပါရန် နိုးဆော် ဖော်ပြအပ်ပါသည်။