သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ECCDI တို့မှ ကြီးမှူးကျင်းပသည့် ၂၀၁၇ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပြည်သူအစုအဖွဲ့ ဖွံ့ဖြိုးရေးအသင်း (ECCDI) တို့မှ ကြီးမှူးကျင်းပသည့် ၂၀၁၇ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို (၂၅-၆-၂၀၁၇) ရက်နေ့ နံနက် (၈:၃၀)အချိန်တွင် ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၀)တွင် မြန်မာ့ရွေးချယ်ခြင်းစနစ်ပြုပြင်ခြင်း ဆိုင်ရာ သုတေသနစမ်းသပ်ကွက်အတွင်း၌ ကျင်းပခဲ့သည်။ အဆိုပါ သုတေသနစမ်းသပ်ကွက်ကို သစ်တောဦးစီးဌာန နှင့် (ECCDI) တို့ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ (ECCDI) အသင်းဥက္ကဌတို့မှ အမှာစကားများပြောကြားပြီး သစ်တောစိုက်ခင်း တောင်ယာမိသားစုများနှင့် ကျောင်းသူ/ကျောင်းသားများသို့ ဗလာစာအုပ်များ၊ ခဲတံများနှင့် စွမ်းအားမြှင့်မီးဖိုများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း ၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်းဝင် ပျိုးပင်စုစုပေါင်း (၁၀၁၂) ပင် စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း ၊ (ECCDI) နှင့် ဒေသခံပြည်သူ စုစုပေါင်း (၁၁၆)ဦး တက်ရောက်စိုက်ပျိုးခဲ့ကြပါသည်။