ကျားသေ(၁)ကောင်နှင့် သယ်ယူလာသည့်ယာဉ်၊ တရားခံများဖမ်းဆီးရမိခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်ခြင်း၊ တောရိုင်းတိရ စ္ဆာန်များ၏ အစိတ်အပိုင်းများအား တရားမဝင်လက်ဝယ်ထားရှိခြင်း၊ သယ်ယူခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့်အတူ သတင်းရယူ စုံစမ်းဖော်ထုတ် ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ တောရိုင်းတိရစ္ဆာန်များအား တရားမဝင် ဖမ်းဆီးသတ်ဖြတ် ၍ ယင်းတို့၏ အစိတ်အပိုင်းမျာအား သယ်ယူခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှုများအား ဖမ်းဆီးရမိသည့် ဖြစ်စဉ် တစ်ခုအနေဖြင့် (၉-၇-၂-၁၇) ရက်နေ့၊ နေ့လည် (၁၂:ဝဝ) နာရီအချိန်ခန့်တွင် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ သစ်တောဦးစီးဌာန မှ တောအုပ်ကြီး ဦးအောင်မိုး ဦးဆောင်သည့်သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မယ်ယမ်းပူးပေါင်း စစ်ဆင် ရေးစခန်း၌ စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်နေစဉ် တာချီလိတ်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း ဦးစိုင်းနွဲ့ ၁၃/ကတလ(နိုင်)၀၂၅၂၉၀ (ဘ) ဦးအိုက်စိုက် မောင်းနှင်လာသည့် ယာဉ် အမှတ် (4E/8471) တပ်ဆင်ထားသော probox အမျိုးအစား ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင်ရေခဲပုံးအတွင်း ထည့်သွင်းသယ်ယူလာသည့် အလျား (ခေါင်းမှအမြီးဖျားထိ) ၈ပေ ၈လက်မ၊ ခါးလည်လုံးပတ် ၃ ပေ ၁၀ လက်မ၊ ဦးခေါင်းလုံးပတ် ၂ ပေ၊ အမြင့် ၂ ပေ ၄ လက်မနှင့် အလေး ချိန် ၁၂၅ ကီလို/၂၇၅ ပေါင် ရှိ(ဝမ်းဗိုက်ခွဲ/အတွင်းကလီစာ) ထုတ်ထားပြီး ကျားသေ အထီး (၁) ကောင်အား သယ်ယူလာသည့် ပိုင်ရှင်ဖြစ်သူ ဦးငြိမ်းချမ်း ၁၃/ကတန (နိုင်) ၁၂၂၂၄၀ (ဘ) ဦးအိုက်ရီနိုင် တို့နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသည့် ကျားသေကောင်အား တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနတွင်သိမ်း ဆည်းထားရှိပြီး ဖမ်းဆီးရမိသည့် မော်တော်ယာဉ်၊ ယာဉ်မောင်းနှင့် ကျားသေကောင် သယ်ယူ လာသည့် ပို်င်ရှင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပြီး ကျားသေကောင်နှင့် ပတ်သက်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။



