သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း (REDD+) လုပ်ငန်းများကို ဘရာဇီးနိုင်ငံသို့ သွားရောက် လေ့လာဆွေးနွေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့၏ဖိတ်ကြား ချက်အရ ဘရာဇီးနိုင်ငံသို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ သွားရောက်၍ ဘရာဇီးလီးယားမြို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရုံးချုပ်တွင် ဌာနေ ကိုယ်စားလှယ် Mr. Niky Fabiancic နှင့် အဖွဲ့အားတွေ့ဆုံ၍  ဘရာဇီးနိုင်ငံ သစ်တောများ ပြုန်းတီးမှု လျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  ဘရာဇီးနိုင်ငံ၏ အတွေ့အကြုံနှင့် ရင်ဆိုင်ရသော စိန်ခေါ်မှုများကို လေ့လာ၍ မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ ချခြင်း (REDD+)  လုပ်ငန်းများ အောင်မြင် စွာအကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘရာဇီးနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Brazilian Cooperation Agency-ABC) အကြီးအကဲ သံအမတ်ကြီး Mr. Joao Almino နှင့် တွေ့ဆုံ၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ REDD+ ဆိုင်ရာနှင့် ရလဒ်ကို အခြေပြုသည့် ရန်ပုံငွေကြေးလုပ်ငန်း စဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘရာဇီးနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေဝန်ကြီး H.E. Mr. Sarney Filo နှင့် ဘရာဇီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြန်ပြည့်မြဲ သဘာဝသယံဇာများဌာန (Brazilian Institute of Environment and Renewable Natural Resources-IBAMA) မှ Acting President Mr. Luciano Evaristo နှင့် တာဝန်ရှိသူများကို တွေ့ဆုံခဲ့၍ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်း အစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (REDD+)  လုပ်ငန်းစဉ်များအတွက် ဒေသခံပြည်သူ များ၏ အရေးပါမှုအခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘရာဇီးနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျှက်ရှိသည့် ပထဝီဝင်သတင်းအချက် အလက်နှင့် ဂြိုဟ်တု နည်းပညာဖြင့် ဘရာဇီးနိုင်ငံ၏ သစ်ထုတ်လုပ်သယ်ဆောင်ရာ တွင်ခြေရာခံစနစ်၊ သစ်တောများနှင့် သစ်တောပြုန်းတီးမှုများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်စစ်ဆေးစနစ်များ၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဆိုင်ရာ ကြီးကြပ် စစ်ဆေး အစီရင်ခံသည့် လုပ်ငန်းများကို လေ့လာခဲ့သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီးဌာနသို့ သွားရောက်၍ နည်းပညာများဖြင့် ထုတ်ကုန်တိုးမြှင့် ထုတ်လုပ် ဆောင်ရွက်မှု၊ နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုနှင့် သစ်တောပြုန်းတီးမှု လျှော့ချရေး၊  သစ်တောထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေမှုများကိုလေ့လာခဲ့သည်။ ထို့နောက် စိုက်ပျိုး/မွေးမြူရေးကုန်ထုတ်လုပ်မှု အသင်းချုပ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှု/ဖြန့်ဖြူးမှုစနစ်၊ လူ့စွမ်းအားအရင်းအမြစ်နှင့်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုများကို သွား ရောက်လေ့လာခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပါရာပြည်နယ် သစ်တောစောင့်ကြည့် စစ်ဆေးရေးဌာန၊ ဘေလမ်းမြို့ အမျိုးသားအာကာသ လေ့လာရေးဌာနသို့ သွားရောက်ပြီး အမေဇုန်သစ်တောသစ်တောများ စောင့်ကြည့် စစ်ဆေးမှု လုပ်ငန်းများကိုလည်းကောင်း၊  Emilio Goeldi ပြတိုက်၊ တိရစ္ဆာန်ဥယျာဉ် နှင့် ရုက္ခဗေဒဥယျာဉ်များသို့လည်းကောင်း သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။