ကိုရီးယားနိုင်ငံ ၊ ဆေးပညာရှင်များအဖွဲ့မှ မြန်မာနိုင်ငံသို့လာရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ အစီအစဉ်အရ ကိုရီးယားနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်ပေးသည့် ဆေးပေးခန်းအား သစ်တောဦးစီးဌာန ၊ သစ်တောသုတေသနဌာန(ရေဆင်း)၌ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ထားရှိပြီး ကိုရီ:ယားနိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များသည် သစ်တောသုတေသနဌာနသို့ နှစ်စဉ်လာ ရောက်၍ ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ယခုအခါ ကိုရီးယားနိုင်ငံ၊ ချွန်းဘွတ် အမျိုးသားဆေးရုံမှ အငြိမ်းစားပါမောက္ခ Dr.Yang Kyung Mou ဦးဆောင်သော ဆရာဝန်(၃)ဦး၊ ဆေးမှူးနှင့်သူနာပြု(၇)ဦး စုစုပေါင်း(၁၀)ဦးပါဝင် သော ဆေးပညာရှင်အဖွဲ့သည် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနသို့လာရောက်၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၁ ရက်နေ့မှ ၁၆)ရက်နေ့အထိ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကိုရီးယားနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ခွဲစိတ်ရောဂါ၊ မျက်စိရောဂါများ၊ ပလပ်စတစ်ဆာဂျရီလုပ်ငန်း၊ ဖျားနာရောဂါ၊ ဆီးချို၊ သွေးချို၊ အာရုံကြောရောဂါများ၊ သွေးတိုးရောဂါများ၊ စစ်ဆေးကုသပေးခြင်းနှင့် အထွေထွေကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ကို အခမဲ့ ကူညီဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။
အဆိုပါခရီးစဉ်တွင် သစ်တောသုတေသနဌာနတွင်သာမက (၁၂-၇-၂၀၁၇)နေ့လည်ပိုင်းနှင့် (၁၃-၇-၂၀၁၇)ရက်နေ့များတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
