အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၄-၉-၂၀၁၈ ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပ

အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၄-၉-၂၀၁၈ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပထမအကြိမ်အစည်းအဝေးကို ၆-၄-၂၀၁၈ ရက်နေ့ တွင် ကျင်းပခဲ့ပြီး ကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်း ဖော်ထုတ်နိုင်ရေး၊ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် မြေအသုံးချမှုကောင်စီ အဖွဲ့ဝင်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ပူပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ အစည်းအဝေးကို ၁၈-၇-၂၀၁၈ ရက်နေ့ အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေး ကြရန်ဖြစ်ကြောင်း၊ ယခင်အစည်းအဝေးမှာ အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက် စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် အထောက်အကူပြုလုပ်ငန်းကော်မတီများ အကြံပေးအဖွဲ့များ ဖွဲ့စည်းရန် သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကိုပေးပို့ရန်၊ မြေအသုံး ချမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသားအကြံပေးအဖွဲ့တွင် ပညာရှင်ကိုယ်စားလှယ်များ၊ ထည့်သွင်း ဖွဲ့စည်းနိုင်ရေး မြေစီမံခန့်ခွဲမှုနှင့် ဆက်စပ်သော၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ  ပညာရှင် ကိုယ်စားလှယ်  စာရင်းများပေးပို့ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အပြင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည့် လုပ်ငန်းစီမံချက် ရေးဆွဲတင်ပြရန် ဆွေးနွေးခဲ့ပါကြောင်း၊   အမျိုးသားမြေအသုံးချမှုကောင်စီ၏ အစည်းအဝေးများကို (၆)လတစ်ကြိမ် ကျင်းပသွားမည် ဖြစ်ပြီး ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပရန် လျာထား ပြီး ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်တင်ပြ ရမည်ဖြစ်သဖြင့် အစည်းအဝေးဆုံးဖြတ်ချက်များကို အချိန်နှင့်တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း အစည်းအဝေးကို တက်ရောက်လာကြသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များကို ဆွေးနွေးပေးကြ ရန်နှင့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးညှိနှိုင်းကြရန် ပြောကြားပါသည်။

            အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး-မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊  လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

 

 

 
date: 
Tuesday, September 4, 2018 - 16:15