အင်းလေးကန်အား ရမ်ဆာထိန်းသိမ်းရေးနယ်မြေ (Ramsar Site) အဖြစ်သတ်မှတ်ခြင်းခံရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ မြန်မာနိုင်ငံ၏ အထင်ကရ အင်းလေးကန်အား ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးကွန်ဗင်းရှင်းမှ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ၅ ခု မြောက် နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသ သို့မဟုတ် ရမ်ဆာထိန်းသိမ်းရေးနယ်မြေ (Wetland of International Importance- Ramsar Site) (Site No. 2356) အဖြစ် တရားဝင် အသိအမှတ်ပြု သတ်မှတ်လိုက်ကြောင်း အဆိုပါကွန်ဗင်းရှင်း၏ အင်တာနက်စာမျက်နှာတွင် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။
အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးတစ်ခုဖြစ်ပြီး ထူးခြားသည့် ရေဝပ်ဒေသဂေဟစနစ်နှင့် ရှားပါးမျိုးစိတ်များ တည်ရှိနေမှု၊ ဆောင်းခိုငှက်များ ကျရောက် ကျက်စားမှု၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝမှုတို့ကြောင့် ထင်ရှားသည့် ရေအိုင်ကြီး တစ်ခုလည်းဖြစ်သည်။ အင်းလေးကန်ကို ရေဝပ်ဒေသဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ စေရေးထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၅ ခုနှစ်တွင် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟူ၍ အင်းလေးကန်နှင့် စကားအင်း၊ မိုးဗြဲရေလှောင်တမံတို့အပါအဝင် စုစုပေါင်းဧရိယာ အကျယ်အဝန်း (၁၃၁,၈၈၇.၇၇)ဧက၊ စတုရန်းမိုင်(၂၀၆.၀၇)မိုင်ကို အမိန့်ထုတ်ပြန်ကြေညာခဲ့ပြီး သတ်မှတ်ကာကွယ် ထိန်းသိမ်းထားပါသည်။ အင်းလေးကန်သည် နိုင်ငံတကာအဆင့် ထိန်းသိမ်းရေး နယ်မြေများအဖြစ်လည်း ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်(ASEAN Heritage Park)၊ ၂၀၀၄ ခုနှစ်တွင် အရေးပါသည့် ငှက်မျိုးစိတ်နှင့်ဇီဝမျိုးစုံမျိုးကွဲနယ်မြေ (Important Bird and Biodiversity Area-IBA)၊ ၂၀၁၅ ခုနှစ် တွင် ယူနက်စကို၏ လူသားနှင့်ဇီဝအဝန်းနယ်မြေ အစီအစဉ်(UNESCO Man and the Biosphere Reserve Programme- MAB) တွင်ပါဝင်သည့် ဇီဝအဝန်းနယ်မြေ(Biosphere Reserve) တို့အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်ပါသည်။
ယခု ထပ်မံအတည်ပြုသတ်မှတ်ခံရသည့် နိုင်ငံတကာအရေးပါသည့်ရေဝပ်ဒေသ(ရမ်ဆာထိန်းသိမ်း ရေးနယ်မြေ)သည် အင်းလေးကန်ကြီးအတွင်းရှိ ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ်များ အဓိကပေါက်ဖွားရာ နေရင်းဒေသနှင့် ဆောင်းခိုငှက်များ ကျရောက်ကျက်စားရာ နယ်မြေများပါဝင်နေသည့် ညောင်ရွှေမြို့နယ် အပိုင်း အင်းလေးကန်ရေပြင်ဧရိယာနှင့် သဘာဝကျွန်းမျောဧရိယာများပါဝင်ပြီး စုစုပေါင်းဧရိယာ (၁၄၃၂၆.၁၈)ဧက၊ (၅၇၉၇.၆ ဟက်တာ) ကို ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ် သည်။
အဆိုပါ အင်းလေးကန်ရမ်ဆာထိန်းသိမ်းရေးနယ်မြေကို ရမ်ဆာကွန်ဗင်းရှင်းမှ သတ်မှတ် ထားသည့် ရမ်ဆာထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ စံသတ်မှတ်ချက် ၉ ချက်အနက် ၆ ချက်ဖြင့် ကိုက်ညီကြောင်း၊ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံတကာအဆင့် အရေးပါသည့် ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေတစ်ခု ဖြစ်ကြောင်းတို့ကို သစ်တောဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာအစိုးရဌာနများ၊ ဒေသခံ များ၏ သဘောတူညီချက်ဖြင့် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂၀၁၇ ခုနှစ် ဇွန်လ၌ စတင်အဆိုပြုတင်ပြခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံ၏ အဆိုပြုတင်ပြချက်အပေါ် ရမ်ဆာကွန်ဗင်းရှင်း၏ သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ စိစစ်ပြီး အတည်ပြုလက်ခံ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တရားဝင်အနေဖြင့် ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် မြန်မာနိုင်ငံ ၏ ၅ ခုမြောက် ရမ်ဆာထိန်းသိမ်းရေးနယ်မြေ(Site No. 2356) အဖြစ် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂၀၀၅ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ရေဝပ်ဒေသများ ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ရမ်ဆာကွန်ဗင်းရှင်း (Ramsar Convention) ဟုလူသိများသည့် ရေဝပ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း(The Convention on Wetlands) ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အီရန်အစ္စလာမစ်သမ္မတနိုင်ငံ၊ ရမ်ဆာမြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ နိုင်ငံမှ အဖွဲ့ဝင်အဖြစ်ပါဝင်ထားပြီး အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ရေဝပ်ဒေသများကို ရေရှည်တည်တံ့စေရန်၊ ပြည်သူများမှ စဉ်ဆက်မပြတ် အသုံးပြုနိုင်မှုကို ထိန်းသိမ်းရေးနှင့် ဟန်ချက်ညီ စနစ်တကျ ဖော်ဆောင်နိုင်ရန်တို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်နေသည့် ကွန်ဗင်းရှင်းတစ်ခုလည်းဖြစ်သည်။ နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသထိန်းသိမ်း ရေးနယ်မြေများကို ရေဝပ်ဒေသဂေဟစနစ် ရေရှည်တည်တံ့စေရန်ထိန်းသိမ်းခြင်းနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုခြင်းတို့အတွက် ရမ်ဆာနယ်မြေ (Ramsar Site) များအဖြစ် သတ်မှတ်ပေးလျက်ရှိသည်။ ကွန်ဗင်းရှင်းမှ အတည်ပြုသတ်မှတ် ပေးထားသည့် ရမ်ဆာနယ်မြေ စုစုပေါင်း (၂၃၆၀)ကျော်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရမ်ဆာထိန်းသိမ်းရေးနယ်မြေစုစုပေါင်း ၅ ခုအထိ သတ်မှတ်ခံထားရပြီးဖြစ် သည်။ ၂၀၀၄ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာအနီးရှိ မိုးယွန်းကြီးအင်း၊ ၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန်၊ ၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းနှင့် မုတ္တမပင်လယ်ကွေ့ဒေသ(မွန်ပြည်နယ်အပိုင်း) တို့ကို သတ်မှတ်ထားရှိခံရပြီးဖြစ်သည်။
ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေများသည် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ရေးကိုသာမက ဒေသခံပြည်သူများအတွက် ရေရှည်အကျိုးရှိစွာအသုံးပြုနိုင်မှုတို့အတွက် အရေးပါမှုတို့ကို စံသတ်မှတ်ချက် ၉ ချက်နှင့် သတ်မှတ်ထားရှိပြီး ရေရှည်တည်တံ့စေရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရအဖွဲ့ များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများမှ ပူးပေါင်းစီမံအုပ်ချုပ်မှုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ထူးခြားကောင်းမွန်သည့် ရေဝပ်ဒေသ ဂေဟစနစ်ကို ကိုယ်စားပြုသည့် နယ်မြေများစွာရှိပြီး ကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှုကို ဆန်းစစ်၍ ဆက်လက်အဆိုပြုတင်ပြသွားရန် သစ်တောဦးစီးဌာနမှ စီစဉ်လျက်ရှိကြောင်းသိရှိရသည်။



