REDD+ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်း အနား

REDD+ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၇-၉-၂၀၁၈ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် သစ်တောသုတေသ နဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် ယနေ့ ကမ္ဘာနှင့်အဝှမ်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များဖြစ် ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ခံစားနေရ ပါသည်။ ရာသီဥတုပြောင်းလဲမှု အကြောင်းအရင်းများကို ဆန်းစစ်ကြည့်ပါက လုပ်ငန်းကဏ္ဍအသီး သီးမှထုတ်လွှတ်သည့် Greenhouse Gas(GHG)လို့ခေါ်သည့်ဖန်လုံအိမ်ဓာတ်ငွေ့များ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ လေထုအတွင်း အဆမတန်များပြားလာခြင်းကြောင့် ဖြစ်ပါ ကြောင်း၊ ထို့ကြောင် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန်အတွက် ကမ္ဘာနှင့်အဝှမ်း သစ်တောကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် REDD+ လုပ်ငန်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းကြခြင်းဖြစ်ပါကြောင်း၊ ယနေ့အထိ နိုင်ငံပေါင်း (၆၅)နိုင်ငံတွင် ကမ္ဘာ့ကုလသမဂ္ဂက ဦးစီး ဦးဆောင်ပြုနေသည့် UN–REDD Programme အဖွဲ့ ဝင်နိုင်ငံများအဖြစ် တက်ကြွစွာ ဆောင်ရွက် လျက်ရှိပါကြောင်း၊ REDD+ ၏အခြေခံသဘောသဘာဝမှာ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု အမှန်တကယ် လျှော့ချနိုင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများကို လျှော့ချ နိုင်သည့် ပမာဏအလိုက် carbon credit အဖြစ် ငွေကြေးတန်ဖိုးသတ်မှတ်ပြီး ထောက်ပံ့ကူညီမှု ပြုလုပ်မည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အပင်များတွင် သိုလှောင်ထားသည့် ကာဗွန်ပမာဏအတွက် ငွေကြေးတန်ဖိုးတွက်ချက်ဖော်ပြပြီး သစ်တောများကို ခုတ်လှဲခြင်းထက် ပင်ထောင်အတိုင်း ဆက်လက်ထားရှိပြီး ထိန်းသိမ်းကာကွယ်ခြင်းက ပိုမိုတန်ဖိုးကြီးမားပြီး သစ်ထုတ်ရောင်းချသကဲ့သို့ ဝင်ငွေရရှိစေမည့် လုပ်ငန်းစဉ်ပဲဖြစ်ပါကြောင်း၊ တနည်းအားဖြင့် သစ်တောထိန်းသိမ်းရေးနှင့် သစ်တော စီမံအုပ်ချုပ်မှု လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ကူညီထောက်ပံ့ သည့် အစီအစဉ်တစ်ခုလည်းဖြစ်ပါကြောင်း၊REDD+ လုပ်ငန်းစဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချ နိုင်မည့် နည်းလမ်းကောင်းတစ်ခု ဖြစ်သည့်အပြင် ပတ်၀န်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးဇူး များကိုလည်း ရရှိစေနိုင်ပါကြောင်း၊ ထို့ကြောင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိတ်ဝင်စားစွာအကောင်အထည်ဖော် အားပေးဆောင်ရွက်လာသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၌ UN – REDD Programme ၏ အဖွဲ့ဝင်နိုင်ငံဖြစ် လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လာနိုင်ခဲ့သည်မှာ ယခုကျင်းပသည့် ICIMOD REDD+ စီမံကိန်းအပါအဝင်ဖြစ်ပါ ကြောင်း၊ယခုဖွင့်လှစ်သည့် REDD+ သင်တန်း၏ ရည်ရွယ်ချက်များမှာ- REDD+ လုပ်ငန်းစဉ်များ ၏သဘောသဘာဝ၊ ရာသီဥတုပြောင်းလဲမှုနှင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်ထားရှိမှု အခြေ အနေများကို သိရှိနားလည်စေရန်၊ REDD+ တွင်လုံခြုံမှုအစီအမံ(Safeguard) ချမှတ်ခြင်း လုပ်ငန်းစဉ်များ၊ နည်းလမ်းများဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ သယံဇာတများ ဖွံ့ဖြိုးတိုးတက်စေခြင်းလုပ်ငန်းစဉ်များနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များမှာ ဒေသခံ ပြည်သူများစိတ်ပါဝင်စားစွာပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ကိုယ်တိုင်ဆုံး ဖြတ်ချက် ချမှတ်ခြင်းများ ဆောင်ရွက်ရာတွင် ကောင်းစွာလမ်းညွှန်အထောက်အကူပြုစေရန်တို့ဖြစ် ပါကြောင်း၊ REDD+ လုပ်ငန်းများ အရှိန်အဟုန်နှင့်ဖွံ့ဖြိုးလာစေရန် ပြည်သူများအကြား REDD+ လုပ်ငန်းစဉ်များ ပြန့်နှံ့စေရန်အတွက် တကယ်လိုအပ်သည့် တိုးချဲ့ပညာပေးရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းဖြစ်သဖြင့် သင်တန်းရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်နိုင် ရေးအတွက် တတ်ကျွမ်းနားလည်အောင် အားသွန်ခွန်စိုက် လေ့လာသင်ယူကြပါရန်၊ တတ်မြောက် လာသည့် အသိပညာများကိုလည်း လက်တွေ့နယ်ပယ်မှာ ပြန်လည်အသုံးပြုကြပါဟု တိုက်တွန်း ပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများ၊ သုတေသီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

 

 

date: 
Tuesday, September 18, 2018 - 12:00