ဒုတိယအကြိမ်မြောက်အပူပိုင်းဒေသအပင်မျိုးခွဲခြားခြင်းနှင့်သစ်တောစီမံအုပ်ချုပ်မှုသင်တန်းဖွင့်ပွဲ

ဒုတိယအကြိမ်မြောက် အပူပိုင်းဒေသအပင်မျိုးခွဲခြားခြင်းနှင့် သစ်တောစီမံအုပ်ချုပ်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို၁၇-၉-၂၀၁၈ ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်စေရန် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (NBSAP) ၂၀၁၅-၂၀၂၀ အားချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာတွင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် အရေးပါသော ဦးစားပေးနေရာ ၂၅ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် အင်ဒို-မြန်မာ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး အရေးကြီးနေရာများတွင် မြန်မာနိုင်ငံသည် အပါအဝင်ဖြစ်ပါကြောင်း၊  ယခု အချိန်၌ မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၂ ခု တည်ထောင်ပြီး ဖြစ်ပြီး နိုင်ငံ ဧရိယာ၏ ၅.၇၉ ရာခိုင်နှုန်း တည်ထောင်ပြီးဖြစ်ပါကြောင်း၊ အဆိုပါ သဘာဝထိန်းသိမ်းရေး နယ်မြေ ၄၂ ခု အနက် ၇ ခုသည် အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ် ပါကြောင်း၊

မြန်မာနိုင်ငံသည် နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သဘောတူညီချက်များနှင့် ကွန်ဗင်း ရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို လူသားနှင့် ဇီဝအဝန်းနယ်မြေ အဖြစ်သတ်မှတ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ၏ ပဉ္စမအကြိမ်မြောက် ရေတိမ်ဒေသအဖြစ် သတ်မှတ်နိုင်ခဲ့ ပါကြောင်း၊ ထို့ပြင် လွန်ခဲ့သည့် သုံးနှစ်အတွင်း မိုးယွန်းကြီး၊ အင်းတော်ကြီးနှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများကို ရေတိမ်ဒေသများအဖြစ်သတ်မှတ်နိုင်ခဲ့ပါကြောင်း၊

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် Wildlife Conservation Society၊ National Institute of Biological Resources (NIBR- Korea)၊ Marbung University Germany၊  Fauna and Flora International (FFI-UK)၊ IUCN၊ Manko Botanical Garden တို့နှင့် ပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲနှင့် အပင်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရာတွင် ဒေသခံများ၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း၊ မကြာသေးမီက သစ်တောဦးစီးဌာနအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်း သိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ် မေလတွင် ပြဌာန်း ခဲ့ပြီးဖြစ်ပါကြောင်း၊  ထိုဥပဒေ၏ အဓိကအပိုင်းမှာ သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းရေးတွင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာအသိပညာများကို အသိအမှတ်ပြု၍ သဘာဝထိန်းသိမ်းရေးနယ်မြေ အမျိုးအစားများတွင် ဒေသခံပြည်သူ ကာကွယ်ထိန်းသိမ်းသည့် သစ်တောများ ပါဝင်ဖွဲ့စည်းနိုင်ရန်ဖြစ်ပါကြောင်း၊ မြန်မာ့သစ်တောဥပဒေ (၁၉၉၂) ကို ယခုနှစ်တွင် ပြန်လည်ပြင်ဆင်လျက်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေကိုလည်း ၂၀၁၈ ခုနှစ်တွင် ပြဌာန်းနိုင်ရန် ကြိုးပမ်းလျက်ရှိ ပါကြောင်း၊

မြန်မာနိုင်ငံတွင် သစ်တောဧရိယာအားဖြင့် နိုင်ငံ၏ ၄၂.၉၂% ရှိပြီး ရွက်အုပ်ပိတ်တော (၂၁.၅၆%) နှင့် ရွက်အုပ်ပွင့်တော (၂၁.၃၆%) ပါဝင်ပါကြောင်း၊  လူဦးရေအများစုသည် နိုင်ငံ၏ ကျေးလက်ဒေသများတွင် အများဆုံးနေထိုင်ကြပြီး သဘာဝသယံဇာတများအပေါ် အဓိက မှီခိုနေရ ကြောင်း၊ ထိုအချက်သည် နိုင်ငံ၏ သစ်တောပြုန်းတီးမှုကို မြင့်မားစေပြီး ကမ္ဘာ့တတိယ သစ်တော ပြုန်းတီးမှု နိုင်ငံများတွင် ပါဝင်စေပါကြောင်း၊ ထို့ကြောင့် သစ်တောများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းသည် အရေးကြီးလုပ်ငန်းတစ်ခုဖြစ်လာပြီး မြန်မာ့သစ်တောများ ပြန်လည်တည်ထောင် ရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ထိုစီမံကိန်းသည် ၁၀နှစ်တာကြာမြင့် မည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသော အခြေအနေများနှင့် အညီ သစ်တောစီမံအုပ်ချုပ်မှုသည် လည်း ပြောင်းလဲလာသည့်အတွက် ယခုသင်တန်းအနေဖြင့် သစ်တောစီမံအုပ်ချုပ်မှုနှင့် ရာသီဥတု ပြောင်းလဲမှုများနှင့် စပ်လျဉ်းသည့် အချက်အလက်များ ပို့ချပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

ယခုဖွင့်လှစ်သည့် သင်တန်းကို သစ်တောဦးစီးဌာနနှင့် XTBG တို့မှ ဦးစီးကျင်းပပြုလုပ် ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ သရုပ်ပြ (၁၆) ဦး၊ သစ်တောသုတေသနဌာနမှ သုတေသီ (၆) ဦး၊ CFDTC မှ ဝန်ထမ်း (၂)ဦး၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ ပြင်ဦးလွင်မှ ဝန်ထမ်း(၂)ဦးနှင့် သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်း (၄)ဦး စုစုပေါင်း သင်တန်းသားဦးရေ (၃၀) တက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းတွင် အပင်အမျိုးအစားခွဲခြား ခြင်းနှင့် သစ်တောစီမံအုပ်ချုပ်ခြင်း ဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒ/ စီမံကိန်း)နှင့် အရာရှိကြီးများ၊ သင်တန်းနည်းပြများ၊ သုတေသီများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

 

date: 
Tuesday, September 18, 2018 - 12:00