နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက် (Habitat Restoration Action Plan)ရေးဆွဲတင်ပြခြင်း အစည်းအဝေးကျင်းပပြုလုပ်

သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက် (Habitat Restoration Action Plan)ရေးဆွဲတင်ပြခြင်း အစည်းအဝေးကို ၁၈-၉-၂၀၁၈ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

            အမှာစကားပြောကြားရာတွင် နိုင်ငံ၏ သဘာဝအမွေအနှစ်များဖြစ်သည့် ဂေဟစနစ်နှင့် ယင်း တို့မှာ ကျက်စားပေါက်ရောက်သည့် ဇီဝမျိုးစုံမျိုးကွဲများကို ထိရောက်သည့် စီမံအုပ်ချုပ်မှုများပြုလုပ်နိုင်ရန် သဘာဝထိန်းသိမ်းရေးနယ်မြေ(၁၉)ခုမှာ ရေးဆွဲနေသည့် နေရင်းဒေသပြန်လည်တည်ထောင် ခြင်းလုပ်ငန်းစီမံချက်များကို တင်ပြဆွေးနွေး၊ သုံးသပ်အကြံပြုသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝထိန်းသိမ်းရေးနယ်မြေများကို အင်္ဂလိပ်ကိုလိုနီခေတ်၊ ၁၉၂၀ ခုနှစ် အစောပိုင်းကတည်းက Game Sanctuary များကို ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပါကြောင်း၊

            ၁၉၃၆ ခုနှစ်၌ “The Wildlife Protection Act” ကို ပြဌာန်းပြီးနောက်ပိုင်းတွင် တောရိုင်း တိရစ္ဆာန်ကာကွယ်ရေးအပြင် ကျက်စားဒေသများကိုပါထိန်းသိမ်းနိုင်ရန် သဘာဝထိန်းသိမ်းရေး နယ်မြေများကို သတ်မှတ်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၁၉၉၄ ခုနှစ်၌ ပြဌာန်းခဲ့သည့် “တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ”အရ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းပြီး စီမံအုပ်ချုပ်ရာတွင် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးအပြင် အနီးပတ်ဝန်းကျင်တွင်ရှိသည့် ဒေသခံပြည်သူများကို အထောက်အကူ ပြုရန် ရည်ရွယ်ခဲ့ပါကြောင်း၊ ယခုနှစ် မေလအတွင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ် မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေကို ရေးဆွဲပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊

            နိုင်ငံ၏ သဘာဝအမွေအနှစ်များဖြစ်သည့် ဂေဟစနစ်များနှင့် ယင်းတို့တွင် ကျက်စားပေါက် ရောက်သည့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးထိန်းသိမ်းကာကွယ်မှုပြုလုပ်နိုင်ရန် သဘာဝထိန်းသိမ်းရေးနယ်မြေများကို သတ်မှတ်ဖွဲ့စည်းပြီး စီမံအုပ်ချုပ်ရာတွင်လည်း အကြောင်းအမျိုးမျိုး ကြောင့် ဥယျာဉ်၊ ဘေးမဲ့တောများမှာ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးခြင်း၊ အဆင့်အတန်းကျဆင်းခြင်းတို့ဖြစ်ပေါ်လျက်ရှိပါကြောင်း၊

            ယနေ့ကာလ၌ သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ အခန်းကဏ္ဍသည် လွန်စွာအရေး ကြီးပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးနှင့် လျော့နည်းသက်သာရေး၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လိုအပ်သည့် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ရေး၊ နိုင်ငံနှင့်ဒေသစီးပွားရေးနှင့် အလုပ်အကိုင်ဖွံ့ဖြိုးရေးအတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းများရေရှည်ဖွံ့ဖြိုးရန်၊ ဥယျာဉ်၊ ဘေးမဲ့တောများရှိသော ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ရန်၊ ဂေဟစနစ်များ တည်ငြိမ်ရန်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်ရရှိရန် လိုအပ်ပါကြောင်း၊         

            နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း Myanmar Sustainable Development Plan ၂၀၁၈-၂၀၃၀”ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ စီမံကိန်းမှာ မဏ္ဍိုင်(၃)ခုနှင့် ပန်းတိုင်(၅)ခုပါဝင်ပြီး မဏ္ဍိုင်(၃)အောက်မှာရှိသော ပန်းတိုင်(၅)ခု၏ အနာဂတ်မျိုးဆက်များ အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်တွင်ပါရှိသော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်အချို့တွင် သဘာဝထိန်းသိမ်းရေးနယ်မြေကို ထိရောက်သော စီမံအုပ်ချုပ်မှုနှင့် ဆက်စပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဥယျာဉ်/ဘေးမဲ့တောများ၏နေရင်းဒေသပြန်လည်တည်ထောင်ရေး လုပ်ငန်းစီမံချက်များ သည် နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါကြောင်း၊

            ထို့အပြင် ဥယျာဉ်/ ဘေးမဲ့တောများ၏ နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်း စီမံချက်များသည် နိုင်ငံ၏သဘာဝအမွေအနှစ်များဖြစ်သည့် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲရေရှည် တည်တံ့ရေးအပြင် နိုင်ငံသားများအတွက် လူမှုစီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီ ဥတုပြောင်းလဲမှုလျော့ပါးသက်သာစေရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု လျော့နည်းရေးနှင့် နိုင်ငံတကာကို ထားရှိရသည့် ကတိက၀တ်များကိုပါဖြည့်ဆည်းရန် အထောက်အကူပြုမည်ဖြစ်သည့် အတွက် အလေးထားရေးဆွဲအကောင်အထည်ဖော်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

            အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေအုပ်ချုပ်ရေးမှူး များ စုံညီစွာ တက်ရောက်ကြပါသည်။

 

 

date: 
Tuesday, September 18, 2018 - 15:45