ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ဆဌမအကြိမ်မြောက် နိုင်ငံအဆင့်အစီရင်ခံစာ 6th National Reportမူကြမ်းအပေါ် စိစစ်သုံးသပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ဆဌမအကြိမ်မြောက် နိုင်ငံအဆင့်အစီရင်ခံစာ 6th National Report - NR မူကြမ်းအပေါ် စိစစ်သုံးသပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ၅-၁၀-၂၀၁၈ ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်၌ အမရာဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

            ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် Convention on Biological Diversity (CBD) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၉၄ ခုနှစ်၌ အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်(NBSAP) ကိုရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး တိုးတက်ဆောင်ရွက်မှုကို ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံအဆင့် အစီရင်ခံစာများရေးသား၍ CBD အတွင်းရေးမှူး ရုံးသို့ (၄)နှစ်တစ်ကြိမ် ပေးပို့လျက်ရှိပြီး ပဉ္စမအကြိမ်မြောက် နိုင်ငံအဆင့်အစီရင်ခံစာကို ၂၀၁၄ ခုနှစ်၌ တင်သွင်းခဲ့ပါကြောင်း၊

            မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်လှသည့်နိုင်ငံဖြစ်ပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲသယံဇာ တများကို ထိန်းသိမ်းရာတွင် CBD ၏ မဟာဗျူဟာရည်မှန်းချက်များ၊ မိမိတို့နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်များနှင့်အညီ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ စီမံအုပ်ချုပ်ရေးနှင့် အသုံး ပြုရေးတို့တွင် ရေရှည်တည်တံ့စေရန်အတွက် ၂၀၁၁ ခုနှစ်၌ နိုင်ငံအဆင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူ ဟာနှင့် လုပ်ငန်းစီမံချက်(NBSAP)ကို ရေးဆွဲခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၌ ပြန်လည်ပြင်ဆင်ခဲ့ပါကြောင်း၊

            ထို့အပြင် UNDP – GEF အထောက်အပံ့နှင့် ကနေဒါနိုင်ငံသားပညာရှင်ကိုဌားရမ်းပြီး ကနဦး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာ နေပြည်တော်တွင် ကျင်းပခဲ့ပါကြောင်း၊ NBSAP အကောင်အထည်ဖော်ရာတွင်  ကြီးကြပ်ညှိနှိုင်းရန်အတွက် ဖွဲ့စည်းထားသည့် အမျိုးသား အဆင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကော်မတီ (NBCC)အောက်တွင် ဖွဲ့စည်းထားသည့် ဘာသာရပ် ဆိုင်ရာလုပ်ငန်းအဖွဲ့ (၅)ဖွဲ့မှ အဖွဲ့ဝင်များတက်​ရောက်ခဲ့ပါကြောင်း၊

            ထို့နောက် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့၌ 6th NR ရေးဆွဲမှု လက်ရှိအခြေအနေ၊ အချက်အ လက်လိုအပ်ချက်များ ဆွေးနွေးနိုင်ရန် အစည်းအဝေးကို နေပြည်တော်တွင် ဒုတိယအကြိမ်ကျင်းပခဲ့ပါ ကြောင်း၊ သစ်တောဦးစီးဌာနအနေနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများထံမှ သက် ဆိုင်သည့်အချက်အလက်များ စုစည်းခြင်း၊ ပြုစုပေးပို့ခြင်းတို့ဆောင်ရွက်ခဲ့ပြီး 6th NR ရေးသားရေး အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ပေးပို့ခဲ့ပါသဖြင့်  ယခုအခါ 6th NR ၏ ပထမမူကြမ်းကို ရေးသားပြုစုပြီးဖြစ်ပါကြောင်း၊ အဆိုပါ မူကြမ်းတွင် ထည့်သွင်းရေးဆွဲ သုံးသပ်ထား သည့် အချက်အလက်များနှင့်ပတ်သက်ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များမှ ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း၊ အတည်ပြုခြင်းတို့ကို ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆောင်ရွက်ပေး ကြရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊

            ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် UNDP က ပြုစုထားသည့် ပထမမူကြမ်းအပေါ် တွင် အကြံပြုဆွေးနွေးပွဲဖြစ်ပြီး ယနေ့အခမ်းအနားမှ ရရှိလာမည့် အချက်အလက်များနှင့်အညီ နောက်ဆုံးမူကြမ်းပြုစုပြီးနောက် အပြီးသတ်အစီရင်ခံစာအား CBD  သို့ ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအနေနှင့် မိမိတို့နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေး နိုင်ငံတကာကတိကဝတ်များအပေါ် မည်မျှလိုက်နာဆောင်ရွက်လျက်ရှိသည်ကို သုံးသပ်တင်ပြမည့် 6th NR ရေးသားပြုစုရေးလုပ်ငန်းအပေါ် အကြံပြုချက်၊ ဖြည့်စွက်ချက်၊ အတည်ပြုချက်များပေးနိုင်ရန်  ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားပါသည်။

အခမ်းအနားသို့ ဆက်စပ်ဝန်ကြီးဌာများမှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း နှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ CSO များ၊ FAO နှင့် UNDP မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

 

 

date: 
Friday, October 5, 2018 - 15:15