သစ်တောသုတေသနဌာန နှစ်ပတ်လည် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် သစ်တောသုတေသနဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန နှစ်ပတ်လည် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် သစ်တောသုတေသနဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခမ်းမတွင်  ကျင်းပ သည်။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံတွင် သစ်တောသုတေသန လုပ်ငန်းများကို ၁၉၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သစ်တောသုတေသနဌာနကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)တို့၏ ထောက်ပံ့ကူညီမှုဖြင့်  ၁၉၇၈ ခုနှစ်တွင် ရေဆင်း၌ ရွှေ့ပြောင်းတည်ထောင်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ထိုကြောင့် ယခုနှစ်သည် သစ်တောသုတေသနဌာန၏ သက်တမ်း နှစ်(၄၀)ပြည့် သည့်နှစ်ဖြစ်ကြောင်း၊ နှစ် (၄၀) ကာလအတွင်း မြန်မာ့သစ်တောမူဝါဒ၏ ပဓာန လုပ်ငန်း စဉ်များ အောင်မြင်စေရန် သုတေသန ပြုဆောင်ရွက်ခြင်းနှင့်အတူ သစ်တောသုတေ သနဌာန ၏ အခြေခံမူများဖြစ်တဲ့ သဘာဝတောများ ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အပူပိုင်းဒေသစိမ်းလမ်းစိုပြည်ရေး၊ သစ်များကို စနစ်တကျ အသုံးချရေး၊ သစ်မှအပ အခြားသစ်တောထွက်ပစ္စည်းများ  စနစ်တကျ အသုံးချရေးနှင့် လောင်စာ စွမ်းအင်ကို ထိရောက်စွာ အသုံးချရေးတို့ကို အဓိက ဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လောင်စာစွမ်းအင် ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် သစ်တောသုတေသနဌာနမှ သုတေသနပြု တီထွင်ထုတ်လုပ်သည့် စွမ်းအားမြှင့် အေဝမ်းမီးဖိုသည် Energy Globe အဖွဲ့အစည်းက ချီးမြှင့်တဲ့ Energy Globe National Award ဆုကို ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်ပါကြောင်း၊ သုတေသနရလဒ်တွေကို လက်တွေ့နယ်ပယ်မှာ အသုံးပြုနိုင်ပြီး စီးပွား ဖြစ် ဆောင်ရွက်နိုင်စေရန်၊ Research Commercialization တွေ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ ဥပမာ အားဖြင့် အပင်မျိုး စိတ်သစ်တွေ ရှာဖွေတွေ့ရှိစေရန်၊ အပင်မျိုးစိတ်များတွင် ပါဝင်သည့် ဓါတုဒြပ်ပေါင်းများ စမ်းသပ်ဖေါ်ထုတ်ပြီး ဆေးဝါးထုတ်လုပ်ခြင်း၊ အလှကုန် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အစားအစာထုတ်လုပ်ခြင်း၊ အဖိုးတန်သည့် စက်မှုကုန်ကြမ်း ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တစ်သျှူးနည်းပညာဖြင့် ပျိုးပင်များ ထုတ်လုပ်ခြင်း၊ သစ်အခြေခံစက်မှု လုပ်ငန်းအတွက် သစ်အသုံးချမှုနည်း ပညာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ဖြန့်ဝေခြင်းဖြင့် စီးပွားရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်သည့်  သုတေသန လုပ်ငန်းတွေ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ရန် အားပေး တိုက်တွန်း လိုပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် မိမိနိုင်ငံ အတွင်း စာတမ်းဖတ်ကြား ခြင်း၊ ပုံနှိပ်ဖြန့်ဝေခြင်း ဖြင့်သာ ကျေနပ်ရောင့်ရဲ မနေဘဲ နိုင်ငံတကာ သစ်တောသုတေသန ဂျာနယ်များတွင် မိမိတို့၏ သုတေသနတွေ့ ရှိချက်များကို အဆင့်မှီမှီ ထည့်သွင်းဖေါ်ပြခွင့်ရရှိရေး၊ မိမိတို့ အမည် ကို first author အဖြစ်နှင့် ထုတ်ဝေနိုင်ရေး၊ အပင်အမျိုးမျိုးနှင့် ငါး၊ အင်းဆက်၊ ပိုးမွှား စတဲ့ တိရစ္ဆာန် မျိုးစိတ်အသစ်များ ဖေါ်ထုတ်ရေး အတွက်လည်း ရည်မှန်းချက်ထား ကြိုးပမ်းရန်လည်း တိုက် တွန်းလိုပါကြောင်း ပြောကြားပါသည်။ယနေ့အချိန်အထိ သစ်တောသုတေသန စာတမ်းဖတ်ပွဲ (၃၀)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး သုတေသနစာတမ်းပေါင်း (၃၄၄) စောင် ပြုစုထုတ်ဝေနိုင်ခဲ့ကြောင်း သိရသည်။ ယနေ့ ကျင်းပသည့် သစ်တောသုတေသန စာတမ်းဖတ်ပွဲတွင် သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ရေးရာ ကဏ္ဍနှင့် သတ္တုကဏ္ဍများအလိုက် စာတမ်းစုစုပေါင်း (၂၂) စောင်ကို ဖတ်ကြားတင်သွင်း မည်ဖြစ်ကြောင်း သိရသည်။သစ်တောသုတေသနစာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်(သစ်တော)၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အငြိမ်းစားသစ်တောအရာရှိကြီးများ၊ သစ်တောပညာရှင်များ၊ အငြိမ်းစားပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့် သည်တော်များ၊ စာတမ်းရှင်များ၊ သုတေသီများ တက်ရောက်ကြပါသည်။

date: 
Wednesday, December 19, 2018 - 12:00