ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး

ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပဉ္စမ အကြိမ် အစည်းအဝေး ၂/၂၀၁၈ ကို ၂၇-၁၂-၂၀၁၈ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ပြီး၊ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီ (အမြဲတမ်းအတွင်း ဝန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)က အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။ ကော်မတီအတွင်းရေးမှူး ဒေါက်တာညီညီကျော် (ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦး စီးဌာန) က မြန်မာနိုင်ငံတွင် ရေဝပ်ဒေသ ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေ အားလည်းကောင်း၊ ဒေါက်တာတင်ဇာကြွယ် (လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန) က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁-၂၈) ရက်နေ့တို့ တွင် ယူအေအီးနိုင်ငံ၌ ကျင်းပခဲ့သည့် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၁၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များ အားလည်းကောင်း၊ ဒေါ်ဆုစန္ဒာအောင် (ဦးစီးအရာရှိ၊ သဘာ ဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန) က နိုင်ငံအဆင့် ရေဝပ်ဒေသ စာရင်း ပြုစုနေမှု အခြေအနေ နှင့် သမီးလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ပင်လယ်လိပ် လေ့လာရေးခရီးစဉ် အတွေ့အကြုံ တို့အား လည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ပါသည်။အစည်းအဝေးသို့ တက်ရောက်လာသည့် ဆက်စပ်ဌာနများမှ ကော်မတီဝင်များက ရေဝပ် ဒေသ ထိန်းသိမ်းရေး နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကူညီပံ့ပိုးပေးနိုင်မည့် အခြေ အနေ၊ နိုင်ငံအဆင့် ရေဝပ်ဒေသစာရင်း ပြုစုခြင်း လုပ်ငန်းစဉ်အတွက် သတင်းအချက်အလက်များ ပံ့ပိုးနိုင်ရေး၊ အချက်အလက်များ တောင်းခံရာတွင် ကော်မတီအဖွဲ့ဝင် ဆက်စပ်ဌာနများမှ သာမက လိုအပ်သည့် အချက်အလက် အမျိုးအစားအပေါ် မူတည်၍ အခြားသော ဦးစီးဌာန/ လုပ်ငန်းများမှလည်း တိုက်ရိုက်ဆက်သွယ် တောင်းခံနိုင်ရေး စသည်တို့ နှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ “အမျိုးသားရေဝပ်ဒေသဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများ” (နောက်ဆုံး မူကြမ်း) ကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၁၈) မှ အတည်ပြုခဲ့ပြီး ဖြစ်သဖြင့် ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒ နှင့် မဟာဗျူဟာလုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်အတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး နှင့် ဆက်စပ်ပတ်သက်သူများ (ဌာနဆိုင်ရာများ၊ ဒေသခံများ၊ I/NGOs နှင့် CSOs) တို့၏ ပူးပေါင်းပါဝင်မှုတို့ကို လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂-၂-၂၀၁၉ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ရေဝပ်ဒေသများနေ့” အခမ်းအနားကို အင်းလေးကန်ဘေးမဲ့တောတွင် ကျင်းပနိုင်ရေး၊ အင်းလေးကန်ဒေသအား အရှေ့အာရှ-သြစတြေးလျဒေသ ဆောင်းခိုငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australian Flyway-EAAF) ၏ Network Site အဖြစ် သတ်မှတ်ခံရရေးတို့ နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

date: 
Thursday, January 3, 2019 - 15:30