အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(AFoCO RETC)၏ ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ်

အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(AFoCO RETC)၏ ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ် အရ မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံ ပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား  ဖိတ်ခေါ်၍ ကျင်းပပြုလုပ်လျက်ရှိပါသည်၊၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း သင်တန်းကျောင်း၌ လေ့လာရေးခရီးစဉ် (၅)ကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့၌ ပထမအကြိမ်အဖြစ် စတင် ကျင်းပပြုလုပ် ခဲ့ပြီး သင်တန်းကျောင်းကို မှော်ဘီမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း ပေါင်းစုံမှ ဆရာ/ ဆရာမ(၆၀)ဦးက လာရောက်လေ့လာခဲ့ပါသည်။အစီအစဉ်အရ ဆရာ/ဆရာမများမှ မှတ်ပုံတင်စာရင်းရေးသွင်းခြင်း၊ ကျောင်းအုပ်ကြီး က သင်တန်းကျောင်း၏ နောက်ခံသမိုင်းနှင့် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများကို ရှင်းလင်းပြောကြားခြင်း၊ ဦးစီးအရာရှိက သစ်တောနှင့် သစ်တောဦးစီးဌာန အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခြင်း၊ သင်တန်းကျောင်းနှင့်ပတ်သက်၍ ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသခြင်း၊ သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုခြင်းနှင့် သင်တန်းကျောင်း၏အမှုထမ်းဝန်ထမ်းများက သစ်ပင်များ ပျိုးထောင်ခြင်း၊ မြေဆွေးရောစပ်ခြင်း၊ စိုက်ပျိုးသင့်သည့်အချိန်ကာလနှင့် သစ်ပင် စိုက်ပျိုးနည်းစနစ်များကို လက်တွေ့ရှင်းလင်းပြသခဲ့ပြီး ဆရာ/ဆရာမများက အဖွဲ့လိုက် သစ်ပင်များ လက်တွေ့ စိုက်ပျိုးခဲ့ပါသည်။ထို့နောက် သင်တန်းကျောင်း ဝန်ထမ်းများက ဆရာ/ဆရာမများနှင့်အတူ သင်တန်း ကျောင်း၏အရှေ့ဘက်တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။အစီအစဉ်အရ နေ့လယ်စာသုံးဆောင်ပြီး လာရောက်လေ့လာသည့် ဆရာ/ဆရာမများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

date: 
Wednesday, January 9, 2019 - 10:45