သစ်တောထိန်းသိမ်းရေးတိုးချဲ့ပညာပေးအစီအစဉ်ကျင်းပပြုလုပ်

အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(AFoCO RETC)၏ “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ်” အရ မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား  ဖိတ်ကြား၍ သစ်တောထိန်းသိမ်းရေး တိုးချဲ့ပညာ ပေးအစီအစဉ် ကျင်းပပြုလုပ်လျက်ရှိပါသည်၊ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ် ၏ ဒုတိယအကြိမ်အဖြစ် ၈−၁−၂၀၁၉ ရက်နေ့၌ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာ(အ.မ.က-လွန်)မှ ပဉ္စမတန်း၊ ဆဌမတန်းနှင့် သတ္တမတန်းတို့မှ ကျောင်းသား/ ကျောင်းသူ(၁၁၃)ဦး နှင့် ကြီးကြပ်သူ ဆရာ/ဆရာမ(၇)ဦး၊ စုစုပေါင်း(၁၂၀)ဦးတို့မှ လာရောက် လေ့လာခဲ့ကြပါသည်၊ အစီအစဉ်အရ ကျောင်းသား/ကျောင်းသူများမှ မှတ်ပုံတင်စာရင်းရေးသွင်းခြင်း၊စုဝေးခန်းမတွင် သစ်ပင်တစ်ပင်၏ လုပ်ငန်းဆောင်ရွက်မှု၊ လူမှုဝန်းကျင်တွင် သစ်တော များမှ အကျိုးပြုနေပုံ၊ ရာသီဥတုကောင်းမွန်ရေး သစ်တောများ အရေးပါပုံနှင့် သစ်တောပြုန်းတီးခြင်း၏ ဆိုးကျိုးများအကြောင်း သိကောင်းစရာများအကြောင်းအား ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)က ပို့ချခြင်း၊ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တည်ထောင်ခြင်း စီမံကိန်းအကြောင်းအား ဒေါ်အိစန္ဒီဆက်(ဦးစီးအရာရှိ)က ရှင်းလင်းပြောကြားခြင်း၊ သင်တန်းကျောင်းနှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသခြင်း၊ကျောင်းသား/ကျောင်းသူများအား မြန်မာနိုင်ငံ သစ်တောအမျိုးအစား တည်နေရာများကို မြေပုံတွင်ဖော်ပြစေခြင်း၊သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုခြင်း၊ ကျောင်းသား/ ကျောင်းသူများက မိမိတို့အုပ်စုအမည်၏ ပျိုးပင်အမျိုးအစားအား သစ်တောပျိုးဥယျာဉ်မှ ရွေးချယ်ယူဆောင်စေခြင်း၊သင်တန်းကျောင်း ဝန်ထမ်းများက သစ်ပင်များ ပျိုးထောင်ခြင်း၊ မြေဆွေးရောစပ်ခြင်း၊ စိုက်ပျိုးသင့်သည့် အချိန်ကာလနှင့် သစ်ပင်စိုက်ပျိုးနည်း စနစ်များကို လက်တွေ့ ရှင်းလင်းပြသခဲ့ပြီး ကျောင်းသား/ကျောင်းသူများက အဖွဲ့လိုက် သစ်ပင်များ လက်တွေ့ စိုက်ပျိုးခြင်း၊အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

date: 
Thursday, January 17, 2019 - 10:30