သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း ကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း ကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားပါသည်။အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင်၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်အောင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြီးကြပ်ရန်၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ကဏ္ဍအလိုက်လုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ(၆)ခုကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လုပ်ငန်းကော်မတီ(၆)ခုအနက် သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီလည်းတစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ယနေ့ ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေသည် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကြောင့် ဂေဟစနစ်များ၊ ဂေဟစနစ်ဝန်ဆောင်မှုများကို အတိုင်းအတာတစ်ခုအထိ လျော့နည်းဆုံးရှုံးလာပြီး နောက်ဆက်တွဲရာသီဥတုပြောင်းလဲမှု၏ဒဏ်ကို ခံစားနေရပြီဖြစ်ပါကြောင်း၊ စနစ်တကျ စီမံခန့်ခွဲမှုမရှိ သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းသော စီမံကိန်းများ၊ ထာဝစဉ်မတည်တံ့နိုင် သောမြေအသုံးချမှု စသည့်အကြောင်းအမျိုးမျိုးများကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ယိုယွင်းပျက်စီးဆုံးရှုံး မှုအပေါ် အလျင်အမြန်ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများရော၊ ဖွံ့ဖြိုးဆဲနိုင်ငံများရော ဖွံ့ဖြိုးရေးလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်နှင့် ဇီဝ မျိုးစုံမျိုးကွဲများအပေါ်တွင် ထိခိုက်မှုအနည်းပါးဆုံးဖြစ်အောင်သဘာဝအရင်းအမြစ်များကို စနစ်တကျ အသုံးပြုနိုင်အောင် အလေးပေးဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် အဓိကျသည့် ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိ ပါကြောင်း၊မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Biological Diversity - CBD)သို့ ၁၉၉၄ ခုနှစ်၌ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာက လိုက်နာရမည့် ကတိက၀တ်ကို ဖြည့်ဆည်းသည့်အနေဖြင့် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်(၂၀၁၅-၂၀၂၀)ကို ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သည့်အတွက်  ဆိုင်ရာဌာနအဖွဲ့အစည်းများပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊စတုတ္ထအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များထဲမှ ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ် သတ်မှတ်နိုင်ရေးအတွက် အဆိုပြုလွှာကို အာဆီယံဇီဝ မျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity)သို့ သစ်တောဦးစီးဌာနမှ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ Natural Resources Management Strategy and Action Plan ​ရေးဆွဲနိုင်ရေး နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမေ ရိကန်နိုင်ငံ၊ သဘာဝထိန်းသိမ်းရေးအဖွဲ့(The Nature Conservancy)တို့မှ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးအနေဖြင့် ၁၉၉၄ ခုနှစ်တွင် UNESCO ၏ World Heritage Convention အဖွဲ့ဝင်နိုင်ငံအနေဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသများအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရန် အဆိုပြုချက်တင်ပြခဲ့ရာတွင် ၂၀၁၄ ခုနှစ်၌ ပျူမြို့ဟောင်းများဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုသတ်မှတ်ခဲ့ပါ ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ အဆိုပြုလွှာအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် UNESCO သို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ရန် အဆိုပြုလွှာကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် UNESCO သို့ တင်ပြနိုင်ရေးအတွက် စာတွဲပြုစုရေးသားလျက်ရှိပါကြောင်း၊ဌာနအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ချမှတ်ထားသည့် ရည်မှန်းချက်၊ ပန်းတိုင်များကို အကောင်အထည်ဖော်ကြရပါကြောင်း၊ ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်နှင့် နောင်တွင် တန်ဖိုး ကြီးကြီးနှင့် ပြန်လည်ပေးဆပ်ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်ပေါ်ရေးတို့ကို ဦးတည်ထား ပြီး ဆောင်ရွက်နိုင်ရန် အလွန်လိုအပ်ပါကြောင်း၊ ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရန် အရေးကြီးပါ ကြောင်း၊ ပေါင်းစပ်ညှိနှိုင်းမှုကို သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များ  ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။အခမ်းအနားသို့ သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များအားလုံး တက်ရောက်ကြကြောင်း သတင်းရရှိ ပါသည်။

date: 
Wednesday, January 23, 2019 - 16:15