ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁) ကို ၂၈-၁-၂၀၁၉ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်၌ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သစ်တောဦးစီးဌာန၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကားပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ပင်လယ်ပြင်နှင့်ကမ်းရိုးတန်းဒေသသည် ဘင်္ဂလား ပင်လယ်အော်ဒေသ ဂေဟစနစ်ကြီးတစ်ခုလုံး၏ ၅ ပုံ တစ်ပုံရှိပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝပြီး ရှည်လျားသည့် ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သည့့် ပင်လယ်ပြင်၊ ကျွန်းကြီးကျွန်းငယ်ပေါင်း (၈၀၀)ကျော်နှင့် ဖွဲ့စည်းထားသည့် မြိတ်ကျွန်းစုစသည့် မြေပြင်ရေပြင်အခြေအနေများသည် သဘာဝမှ ပေးထားသည့် နိုင်ငံ၏ အဖိုးတန်အမွေအနှစ်ဖြစ်ပါကြောင်း၊ အဆိုပါ ဒေသများသည် နိုင်ငံအတွက် ထုတ်ကုန်ပစ္စည်း (Goods)နှင့် ဝန်ဆောင်မှု (Services) အမျိုးမျိုးကို ပံ့ပိုးပေးနေသည့် ဒေသကြီးများ ဖြစ်သည့်အတွက် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေပါကြောင်း၊ ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ကျက်စားနိုင်သည့် နေရာများ၏ ၉၀ ရာခိုင်နှုန်းသည်လည်း ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသအတွင်းတွင် တည်ရှိနေပါကြောင်း၊ ထိုကဲ့သို့ ကမ်းရိုးတန်းဒေသ၏ ပေါကြွယ်ဝသည့် သယံဇာတများကို အပြိုင်အဆိုင်သုံးစွဲရန် ကမ္ဘာ့လူထု၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပင်လယ်ကမ်းရိုးတန်းအစပ်မှ ကီလိုမီတာ ၆၀ အတွင်းတွင် မှီတင်းနေထိုင်နေ ကြပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ ကမ်းရိုးတန်းဒေသလည်း ဖြစ် မြစ်ဝကျွန်းပေါ်ဒေသလည်းဖြစ်သည့် နေရာများသည် လူဦးရေအထူထပ်ဆုံး နေရာဒေသများ ဖြစ်ပါကြောင်း၊ လူဦးရေထူထပ်လာသည်နှင့်အမျှ ကမ်းရိုးတန်းသယံဇာတများအပေါ် အပြိုင်အဆိုင် ထုတ်ယူသုံးစွဲမှုများဖြစ်လာပြီး စီမံအုပ်ချုပ်ရာတွင် ဖြေရှင်းရန်ခက်ခဲသည့် ပြဿနာရပ်များ၊ အရှုပ် အထွေးများနှင့် ရင်ဆိုင်လာကြရမည်ဖြစ်ပါကြောင်း၊ International Management Group ၏ လေ့လာဆန်းစစ်ချက်အရ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဒီရေတောဝန်ဆောင်မှုတန်ဖိုးများသည် ကမ်းရိုးတန်းဒေသ ထိန်းသိမ်းပေးခြင်း ဝန်ဆောင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၇ သန်းရှိပြီး ငါးပုစွန်များ ပေါက်ပွားရှင်သန်ကြီးထွားရန် အထောက်အကူပြုခြင်း ဝန်ဆောင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၃၀ သန်းရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင်ကမ်းရိုးတန်းသယံဇာတများကိုကဏ္ဍအလိုက် စီမံအုပ်ချုပ်နည်းလမ်း နှင့်အညီ စီမံအုပ်ချုပ်လုပ်ကိုင်ခဲ့သော်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းစီမံအုပ်ချုပ်လုပ်ကိုင်မှုသည် အားနည်းလျက်ရှိပြီး ရေရှည်တည်တံ့မှုမရှိသည့် နည်းလမ်းများ နှင့် စီမံအုပ်ချုပ်လုပ်ကိုင်ခဲ့ခြင်းများကြောင့် စိုးရိမ်ဖွယ်ရာပျက်စီးပြုန်းတီးမှုအခြေအနေများကို ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ကမ်းရိုးတန်းသယံဇာတများကို စနစ်တကျအုပ်ချုပ် လုပ်ကိုင်ရန် အရေးတကြီး လိုအပ်ပါကြောင်း၊ နိုင်ငံတော်အဆင့်တွင်လည်း ဒုတိယသမ္မတ(၁) ဦးဆောင်သည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ဗဟိုကော်မတီ၏ ဆုံးဖြတ် ချက်များကို အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီနှင့် အကြံပေးကော်မတီများကို အစိုးရဌာန များ၊ ပညာရှင်များနှင့် ဖွဲ့စည်းထားပြီး ကမ်းရိုးတန်းသယံဇာတများကို ရေရှည်တည်တံ့အောင် စီမံ အုပ်ချုပ်နိုင်ရန် ဖော်ထုတ်နိုင်ရေး၊ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရေးတွေမှာ လွယ်ကူမြန်ဆန် ထိရောက်အောင် အင်တိုက်အားတိုက် ဆောင်ရွက်နေပါကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်နေမှုများနှင့် တပြေးညီ ကမ်းရိုးတန်းဒေသမှာ စီမံအုပ်ချုပ်မှုကို လက်တွေ့ ဆောင်ရွက်နေသူများ၏ ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတ၊ အတွေးအခေါ်၊ ကျွမ်းကျင်ပညာရပ်များသည် မြန်မာ့ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့နိုင်ရန်နှင့် နောင်သားစဉ်မြေးဆက်အထိ သုံးစွဲနိုင် ရန်အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာ/ ဆရာမများ၊ သစ်တော ဦးစီးဌာနအပါအဝင် အခြားဌာနများမှ သင်တန်းသား(၂၅)ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။

date: 
Friday, February 1, 2019 - 10:15