ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်း တိရစ္ဆာန်အစိတ်အပိုင်းများဒုတိယအကြိမ် ဖျက်ဆီးခြင်း အခမ်းအနားအခမ်းအနားကျင်းပ

ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်း တိရစ္ဆာန်အစိတ်အပိုင်းများဒုတိယအကြိမ် ဖျက်ဆီးခြင်း အခမ်းအနားအခမ်းအနားကို ၃-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီ၌ သဘာဝသမိုင်းပြတိုက်၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး ဆင်ပြတိုက်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပါသည်။
အမှာစကားပြောကြားရာတွင် ယနေ့သည် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ဖြစ်သည့် မတ်လ (၃)ရက်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်သည့် ဆင်ပြတိုက် ဖွင့်လှစ်ခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ဆင်ပြတိုက် စတင်ဆောင်ရွက်ဖြစ်ပေါ် လာရခြင်းမှာ မြန်မာနိုင်ငံသည် အာရှဒေသတွင် အိန္ဒိယနိုင်ငံပြီးနောက် ဆင်ကောင်ရေအများဆုံး ပိုင်ဆိုင်ထားပြီး ဆင်နှင့်ပတ်သက်၍ ယဉ်ကျေးမှုအစဉ်အလာနှင့် သမိုင်းကြောင်းများစွာရှိသော် လည်း ဆင်ပြတိုက်ခင်းကျင်းပြသနိုင်မှုမရှိသေးခြင်း၊ လက်ရှိအခြေအနေအရ တောဆင်ရိုင်းများ သည် ဝိသမလောဘသားများ၏ စဉ်းစားဆင်ခြင်မဲ့စွာ တရားမဝင် သတ်ဖြတ်ခံနေရသဖြင့် သစ်တောဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကာကွယ်ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေသော်လည်း ဆင်သတ်ခံရမှုသည် အကြောင်းအမျိုးမျိုးကြောင့် နည်းမျိုးစုံဖြင့် ဆက်လက်ဖြစ်ပွားနေပြီး တောဆင်များတစ်နေ့တစ်ခြား လျော့နည်းလာပါကြောင်း၊
ဆင်ပြတိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ သဘာဝသစ်တောနယ်မြေများအတွင်း ကျက်စားနေကြသည့် တောဆင်ရိုင်းများအား ထိန်းသိမ်းကာကွယ်နိုင်ရန်၊ ဆင်နှင့် လူပဋိပက္ခ ဖြစ်ပွားမှုများကို လျော့နည်းလာစေရန်၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှု၊ ဆင်နှင့် ဆင်အစိတ် အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် ပြည်သူလူထုသိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီဆောင်ရွက်လာစေရန်၊ အိမ်မွေးဆင်များကို ထိန်းသိမ်းစီမံအုပ်ချုပ်နေမှုများအား ပိုမိုသိရှိလာစေရန်၊ ဆင်တို့၏ မူလသဘာဝ၊ အလေ့အထနှင့် လူသားတို့နှင့် ဆင်တို့အကြား ဆက်နွယ်နေမှုများကို သိရှိလာစေရန်နှင့်ပူးပေါင်းကူညီ ဆောင်ရွက် လာစေရန်တို့ဖြစ်ပါကြောင်း၊
ပြတိုက်ခင်းကျင်းပြသမှုပုံစံအနေနှင့် မြန်မာနိုင်ငံအတွင်းမှ ရရှိခဲ့သည့် ရှေးနှစ်သန်းပေါင်း များစွာမှ ဆင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆဒ္ဒန်ဆင်ဖြူတော် အစွယ်တစ်စုံ၊ ဆင်မှာ တပ် ဆင်အသုံးပြုရသည့် အသုံးအဆောင်ပစ္စည်းများ၊ ဆင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် အသုံးပြုသည့် ရေဒီယိုကော်လာ၊ ထောင်ချောက်ကင်မရာစသည့်ပစ္စည်းများ၊ ဆင်စွယ်/ ဆင်ရိုးစုများနှင့် ပြုလုပ်ထားသည့် တရားဝင် ရောင်းဝယ်ဖောက်ကားခွင့်မရှိသည့် အနုပညာ ပစ္စည်းများ၊ သေဆုံးသွားပြီးဖြစ်သည့် ဆင်ကြီးတစ်ကောင်၏ အရိုးစုများအပြင် ဆင်စွယ်နက်ကဲ့သို့ ရှားပါးပြီး မြင်ရခဲသည့် ပစ္စည်းမျိုးကိုလည်း ပြသထားမှာဖြစ်ပါကြောင်း၊ ဤသို့ကိုင်တွယ်ခွင့်မရှိ သည့် ပြသပစ္စည်းများအပြင် ပညာပေးအနေနှင့် ကိုင်တွယ်ကြည့်ရှုခွင့်ပြုမည့် Camera trap ၊ ဆင်ခလောက်၊ ဆင်စွယ်၊ ဆင်စွယ် အစိတ်အပိုင်းများ၊ ဆင်အောက်မေးရိုးနှင့် အံသွားများကိုလည်း စုံစုံလင်လင် ပြသထားပါကြောင်း၊
ဆင်ပြတိုက်သို့ လာရောက်လေ့လာခြင်းဖြင့် သစ်တောရဲ့အဆင်တန်ဆာ၊ တိုင်းပြည်၏ ရတနာတစ်ပါးဖြစ်သည့်ဆင်များသည်ကုန်းပေါ်မှာခန္ဓာကိုယ်အကြီးဆုံးသတ္တဝါများဖြစ်၍လူများ၏ လောဘ၊ ဒေါသ၊ အတ္တများကြောင့် ရက်စက်စွာသတ်ဖြတ်ခံနေရသည့်အကြောင်း၊ ဆင်များအတွက် နေရန်နေရာများကျဉ်းမြောင်းလာသည်နှင့်အမျှ အစားအစာရှားပါးလာခြင်းသည်မည်သည့်အတွက် ကြောင့်ဖြစ်ရခြင်းကို သိရှိလာရခြင်း၊ ဆင်နှင့် လူပဋိပက္ခဖြစ်သည့်အကြောင်း၊ ဆင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် လုပ်ထားသည့် အလှဆင်ပစ္စည်းများ မသုံးသင့်ဘူးဆိုခြင်းကို သိရှိလာရခြင်း၊ ထို့အပြင် အနုပညာလက်ရာပစ္စည်းများကို တရားမဝင်ရောင်းဝယ်ဖောက်ကားသုံးစွဲပါကဥပဒေအရ ထိရောက်စွာအရေးယူခံရမည်ကို သိရှိရခြင်း၊ ဆင်ကို ကာကွယ်ထိန်းသိမ်းရန် ပူးပေါင်းဆောင်ရွက် ရန်လိုသည်များ သိရှိလာမည်ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ ဆိုင်ရာ ရာဇဝတ်မှုများကို ကာကွယ် တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ယခင်ထက်ပိုမို အလေးထားပြီး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နေပါကြောင်း၊ သစ်တောဌာနနှင့်အတူ၊ ပြည်သူလူထုများ ပူးပေါင်းပါဝင်၍ ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာဆင်များကို ကာကွယ် ကြရန်နှင့် ဆင်ပြ တိုက်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီကြသော ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ ပြတိုက်အကြံ ပေးပုဂ္ဂိုလ်နှင့်တကွ NGO, INGO အဖွဲ့များ၊ ကြွရောက်ချီးမြှင့်ပေးကြသော ဧည့်သည်တော် များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန်အစိတ် အပိုင်းများဒုတိယအကြိမ် ဖျက်ဆီးခြင်း အခမ်းအနားအခမ်းအနားကို သဘာဝသမိုင်းပြတိုက် ရှေ့မြေကွက်လပ်တွင် နံနက်(၁၀:၀၀) အချိန်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကျား၊ ဆင်၊ ပြောင်၊ ဝက်ဝံ၊ သင်းခွေချပ်၊ ရွှေသမင် စသည့် ရှားပါးသတ္တဝါ များကို အမဲလိုက်သတ်ဖြတ်မှုများ၊ တရားမဝင်ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင် လာနေ သည်ကို ပြည်သူများပိုမိုသိရှိလာစေရန်၊ ထိန်းသိမ်းကာကွယ်မှုများ၊ တရားမဝင်ကုန်သွယ်မှုများ တာဆီးနှိမ်နင်းရာတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် ဆင်ပြတိုက်ဖွင့်လှစ်ခြင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို ဒုတိယအကြိမ်ဖျက်ဆီးခြင်းအား အထိမ်းအမှတ်အနေနှင့် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပထမ အကြိမ်ဖျက်ဆီးခြင်းအနေဖြင့် မီးရှို့ဖျက်ဆီးမှုကို (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဒုတိယအကြိမ်တွင် ရန်ကုန်မြို့ အတွင်း ဖျက်ဆီးခြင်းဖြစ်သည့်အတွက်အပိုင်းအစများအဖြစ် ကြိတ်ခွဲဖျက်ဆီးမှု ပြုလုပ်မည်ဖြစ်ပါကြောင်း၊
ကမ္ဘာနှင့်အဝှမ်း တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့၏အစိတ်အပိုင်းများကို တရားမဝင် ကူးသန်းရောင်းဝယ်မှု နှစ်စဉ် တန်ဖိုးသည် ဒေါ်လာ (၂၀) ဘီလီယံ မှ (၃၀) ဘီလီယံ အထိ ရှိပါကြောင်း ကမ္ဘာပေါ်တွင် အများဆုံးကျူးလွန်မှုပြုလုပ်နေသည့် တရားမဝင် ကုန်သွယ် မှုများအနက် မူးယစ်ဆေးဝါးကုန်ကူးမှု၊ အတုအပပြုလုပ်မှုနှင့် လူကုန်ကူးမှုများပြီးလျှင် စတုတ္ထ နေရာ တွင်ရှိကြောင်း နှင့် စနစ်တကျအစီအစဉ်ချပြီး ဂိုဏ်းဖွဲ့ကျူးလွန်မှုများအဖြစ် ကွန်ယက်များ ဖြန့်ကျက်လုပ်ဆောင် နေပါကြောင်း၊ ယခုဒုတိယအကြိမ်ဖျက်ဆီးမည့် ဖမ်းဆီးရမိတောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများ မှာ ဆင်စွယ်စုစုပေါင်း (၂၁၉) ချောင်း၊ ကျားနှင့် ကျားသစ် အရိုးမျိုးစုံ(၅၂၇) ချောင်း၊ ဦးချိုမျိုးစုံ (၈၀၀)ချောင်း၊သင်းခွေချပ် အကြေးခွံ(၁၃၄.၇၂) ကီလိုဂရမ်၊ လိပ်ခွံနှင့် ဆင်နှာမောင်းခြောက် (၅.၅.) ကီလိုဂရမ်၊ စုစုပေါင်း အလေးချိန်ပမာဏအားဖြင့် (၇၆၆.၁၁) ကီလိုဂရမ် ဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် မြန်မာငွေကျပ်သိန်းပေါင်း(၁၇၀၀၀)ကျော်၊ အမေရိကန်ဒေါ်လာ (၁.၁) သန်းခန့်ရှိပါ ကြောင်း၊
သို့ဖြစ်ပါ၍ ယနေ့ မတ်လ(၃) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာ့အဖိုးတန် ဆင်ရတနာများ၊ ရှားပါတိရစ္ဆာန်များကို အမဲလိုက် သတ်ဖြတ်ခြင်း တရားမဝင်ကုန်သွယ်ခြင်းများကြောင့် ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်၊ ဆင်အစိတ် အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို ဒုတိယအကြိမ်ဖျက်ဆီးခြင်းအ ခမ်းအနား ကျင်းပပြုလုပ်ရခြင်းအတူ မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များကို တရားမဝင်အမဲလိုက်သတ်ဖြတ်နေမှုများ၊ တောကောင်သားဟင်းလျာအဖြစ် ရောင်းချစားသုံးနေမှု များ၊ကူးသန်းရောင်းဝယ်နေမှုများကို မလုပ်ဆောင်ကြရန်နှင့် လျော့နည်းပပျောက်စေရေး၊ ထိရောက် စွာတားဆီးနှိမ်နှင်းရေးတို့ကို အများပြည်သူများ ပိုမိုသိရှိလာစေရန် ဘက်စုံကဏ္ဍစုံမှ ပါဝင် ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီး အကဲများ၊ ဆက်စပ်ဌာနများမှ အကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Monday, March 4, 2019 - 11:45