SMART Database အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်း နှင့် ArcGIS Software အသုံးပြု၍ မြေပုံထုတ်လုပ်ခြင်း အခြေခံသင်တန်း ကျင်းပပြုလုပ်

SMART Database အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်း နှင့် ArcGIS Software အသုံးပြု၍ မြေပုံထုတ်လုပ်ခြင်း အခြေခံသင်တန်းကို ပုပ္ပါးတောင်ဥယျာဉ်တွင် ၁၁-၂-၂၀၁၉ ရက်နေ့ မှ ၂၃-၂-၂၀၁၉ ရက်နေ့ အထိ အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ SMART Databaseသည် သဘာဝထိန်းသိမ်းရေး နယ်မြေများ စီမံအုပ်ချုပ်ရာတွင် ကင်းလှည့်ထိန်းသိမ်းခြင်းနှင့် ဥပဒေစိုးမိုးမှုအား စိစစ်သုံးသပ်နိုင်ရန် ရည်ရွယ်၍ ရေးဆွဲ ထားသည့် Spatial Monitoring and Reporting Tool ဖြစ်ပါသည်။ SMART Database အား ၂၀၁၃ ခုနှစ်မှ စတင်၍ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၂၀ ကျော်မှ သဘာဝ ထိန်းသိမ်းရေးနယ်မြေ/ Site ပေါင်း ၆၀၀၀ ကျော်တွင် အသုံးပြုလျက်ရှိကြပါသည်။ မြန်မာ နိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင်လည်း SMART Database အား အသုံးပြု လျက်ရှိရာ ဥယျာဉ်/ဘေးမဲ့တော ၂၂ ခုတွင် အသုံးပြုနေပြီဖြစ်ပါသည်။ သင်တန်အား SMART National Report ထွက်ပေါ်လာစေရန်၊ ဥယျာဉ်/ဘေးမဲ့တော များတွင် အသုံးပြုနေသည့် SMART Database ၏ အဓိကကျသည့် Datamodel အား စံတစ်သတ်မှတ်တည်း ဖြစ်စေရန်၊ SMART မှရရှိသည့် အချက်အလက်များအား စနစ်တကျ ခွဲခြမ်းစိတ်ဖြာ၍ ရလဒ်များအား စီမံချက်များရေးဆွဲရာတွင် ပြန်လည်အသုံချနိုင်ရန်နှင့် SMART ရလဒ်များအပေါ် အခြေခံ၍ ဥယျာဉ်/ဘေးမဲ့တောများ၏ ထိန်းသိမ်းကာကွယ်မှု အခြေအနေများအား ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ဥယျာဉ်/ဘေးမဲ့တောများမှ အစီရင်ခံစာများ တင်ပြရာတွင် လည်းကောင်း၊ စီမံချက် များ ရေးဆွဲရာတွင်လည်းကောင်း မြေပြင်အချက်အလက်များအား ဖော်ပြရာတွင် လည်း ကောင်း ArcGIS Software အသုံးပြု၍ စနစ်တကျ မြေပုံရေးဆွဲထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ အခြေခံသင်တန်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
သင်တန်းသို့ ဥယျာဉ်/ဘေးမဲ့တော (၂၂) ခုမှ SMART Manager များနှင့် ကွင်းဆင်း ဝန်ထမ်းများ စုစုပေါင်း (၄၄)ဦးတို့က တက်ရောက်ခဲ့ပြီး သင်တန်းဆရာများအဖြစ် ညွှန်ကြား ရေးမှူးရုံး(ဝန်းကျင်/သားငှက်ဌာန)မှ ဝန်ထမ်း(၂)ဦးနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ ဝန်ထမ်း (၂)ဦး စုစုပေါင်း (၄)ဦးတို့က သင်တန်းပို့ချခဲ့ကြပါသည်။

date: 
Monday, March 4, 2019 - 12:00