တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အထူးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

တောရိုင်းတိရစ္ဆာန်များတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့် အထူးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယနေ့ မတ်လ ၂၁ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်နှင့် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးကို နိုင်ငံတကာနှင့် အာဆီယံဒေသအတွင်း၌ ကြီးမားကျယ်ပြန့် လာသည့် တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏ အစိတ်အပိုင်းများအား တရားမဝင်ကုန်သွယ်မှု ဆိုင်ရာ ဈေးကွက်များနှင့် ကျူးလွန်လုပ်ဆောင်လာမှုများအား ပူးပေါင်းတားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံအချင်းချင်း လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ပြီး ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးဖော်ထုတ်ကာ ဒေသအဆင့် ကြေညာချက်တစ်ခုအား ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းမိုင်မြို့၌ ကျင်းပသည့် အာဆီယံဝန်ကြီးများအဆင့် အထူးအစည်းအဝေးသို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနမှ အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံများ၏ သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များ၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း(CITES Convention) အထွေထွေအတွင်းရေးမှူးချုပ် Me. Ivonne Higuero နှင့် UNODC ၊ INTEROPOL ၊ IUCN တို့မှ ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့ကြောင်းသိရသည်။
တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့် အထူးအစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများအား အဖွဲ့အစည်းများဖြင့် စုဖွဲ့ကျူးလွန်လုပ်ဆောင်နေမှုများအား အဓိကပြစ်မှုများအဖြစ် တားဆီးအရေးယူနိုင်ရေး၊ Cyber Crime အနေဖြင့် ဒေသတွင်း ကွန်ယက်ပြုလုပ် ကျူးလွန်နေမှုများအား တားဆီးနှိမ်နှင်းရေးနှင့် တရားမဝင်ကုန်သွယ်မှု ဈေးကွက်များပိတ်သိမ်းရေး၊ UN Sustainable Development Goals (SDG)နှင့် နိုင်ငံတကာသဘောတူညီချက်များ၊ ဒေသအတွင်း သဘောတူညီချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားနိုင်ရေး စသည့် ဦးတည်ချက်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများရေရှည်တည်တံ့စေရေး ထိန်းသိမ်းကာကွယ်နိုင်ရန် ၂၀၁၈ ခုနှစ်တွင် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေကို အသစ် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ကာကွယ်ထားသည့်တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်မှု များအား အရေးယူရာတွင် ပြစ်မှုပြစ်ဒဏ်များကို တိုးမြှင့်ထားကြောင်း၊ နိုင်ငံအတွင်း၌ သစ်တော ဦးစီးဌာန နှင့် ဆက်စပ်အစိုးရဌာနများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ဆင်များကို အမဲလိုက်သတ်ဖြတ်ခံနေရမှုများ၊ တရားမဝင်ကုန်သွယ်မှုများကို တားဆီး နှိမ်နင်းရေး အစဉ်တစိုက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ CITES ကွန်ဗင်းရှင်းဆိုင်ရာ လိုက်နာ ရမည့်အချက်များနှင့်အညီ နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်ထားသည့် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)၊ ကမ္ဘာလုံး ဆိုင်ရာ သဘာဝရန်ပုံငွေအဖွဲ့(WWF) တို့နှင့် ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူလူထု သိမြင်နိုးကြားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာစေရေး အသိပညာပေးရေး စသည့်အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသည့် ဆင်စွယ်နှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကိုလည်း ပြည်သူများ ပိုမိုသိရှိလာစေရေး ၂၀၁၈ ခုနှစ်တွင် နေပြည်တော်၊ ၂၀၁၉ ခုနှစ် မတ်လ ၃ ရက် ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့တွင် ရန်ကုန်မြို့တို့၌ ၂ ကြိမ် ဖျက်ဆီးခဲ့ပါကြောင်း၊ ဒေသအတွင်း နယ်စပ် ဖြတ်ကျော်တရားမဝင်ကုန်သွယ်မှုများ တားဆီးနှိမ်နင်းရေး၊ တိုက်ဖျက်ရေးတို့ကိုလည်း အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ပြည်ပဈေးကွက်များမှ ဝယ်လိုအား တိုးတက်လာမှုကြောင့် ပြည်တွင်း၌ပါ ဈေးကွက်များဖြစ်ပေါ်လာကြောင်း၊ ရန်ကုန်မြို့ အပါအဝင် အဓိကမြို့ကြီးများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိမြို့များ၌ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ တရားမဝင်ရောင်းချနေမှုများအား ပိတ်သိမ်းသွားရေး ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသအတွင်း တောရိုင်းတိရစ္ဆာန်တရား မဝင်ကုန်သွယ်မှုများတားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိ ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
အာဆီယံဝန်ကြီးများအဆင့် အထူးအစည်းအဝေး၌ နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်နေသည့် တောရိုင်းတိရစ္ဆာန်မှုခင်းများ အဆုံးသတ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများ အဆုံးသတ်ရေး၊ ဈေးကွက်များ ပိတ်သိမ်းရေး၊ အင်တာနက်အသုံးပြု ရောင်းဝယ်ဖောက်ကားမှုများအား ပိတ်ပင်တားဆီးရေး၊ အသိပညာပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် ဗြိတိန်နိုင်ငံ ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များနှင့် CITES Convention ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကပါ တက်ရောက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အာဆီယံဝန်ကြီးများအဆင့် အထူးအစည်းအဝေးအပြီးတွင် တောရိုင်းတိရစ္ဆာန်များ အာဆီယံဒေသအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါကြေညာချက်တွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသ အတွင်း တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုများဆိုင်ရာမူဝါဒများ ကိုက်ညီမှုရှိစေရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ပိုမိုထိရောက်အားကောင်းလာစေရေး၊ အင်တာနက်အသုံးပြု၍ ကွန်ယက် များပြုလုပ်ကာ စုဖွဲ့ကျူးလွန်လုပ်ဆောင်နေမှုများကို ရာဇဝတ်ပြစ်မှုများအနေဖြင့် သတ်မှတ်ကာ တားဆီးနှိမ်နှင်းရေး၊ နယ်ပယ်ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ရေးနှင့် သုံးစွဲမှုနှင့် ဝယ်လိုအား လျှော့ချရေးတို့ကို ထည့်သွင်း ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

date: 
Tuesday, March 26, 2019 - 12:00