၂.၅.၂၀၁၉ ရက်နေ့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်၌ ကျင်းပသည့် “Training Needs Assessment (TNA) Follow-up Workshop”

Training Needs Assessment (TNA) Follow-up Workshop ကို (၂-၅-၂၀၁၉)ရက်နေ့၊ မြန်မာနိုင်ငံသစ်တောကျောင်း ပြင်ဦးလွင်၌ ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး(လေ့ကျင့်/သုတေ) တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် သစ်တောပညာရေး သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့် တင်ရေး လိုအပ်ချက်များ လေ့လာဆန်းစစ်ခြင်း၏ ရလဒ်များပေါ်အခြေခံပြီး ရှေ့ဆက် ဆောင်ရွက်ကြမည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးကြရန် ဖြစ်ပါသည်။
သစ်တောဦးစီးဌာန၏ သင်တန်းကျောင်းများဖြစ်သည့် မြန်မာနိုင်ငံသစ်တောကျောင်းနှင့် CFDTC မှော်ဘီ၊ ပုသိမ်ကြီး သင်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်း အပါအဝင် သင်ကြားရေးလုပ်ငန်းများ အဆင့်အတန်းပိုမိုမြင့်မားလာစေရန် လိုအပ်ချက်များကို လေ့လာဆန်းစစ်သည့်Training Needs Assessment ကို FAO ၏ ပံ့ပိုးမှုနှင့် Consultant ဖြစ်သည့် ဆရာဦးဘသန်းက ဆောင်ရွက်ခဲ့ပါသည်။ TNA Validation Workshop ကို နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ်မှာ ပြီးခဲ့သည့် မတ်လအတွင်း ကျင်းပခဲ့စဉ်က TNA ၏တွေ့ရှိချက်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာမှာ သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်များ ပြန်လည် သုံးသပ်ပြင်ဆင်ရန် မြန်မာနိုင်ငံသစ်တောကျောင်းအတွက် အဓိကလိုအပ်ပါသည်။ TNA Report မှာ ရှေ့လုပ်ငန်းစဉ်များကို လေ့လာကြည့်ရင် ကာလတို၊ ကာလလတ်နှင့် ကာလရှည်ဆိုပြီး အဆင့်ဆင့်ဆောင်ရွက် သွားရမည့် လုပ်ငန်းများကို တွေ့နိုင်ပါသည်။ ၂ နှစ်နှင့်အထက်ကြာမြင့်နိုင်မယ့် ကာလရှည်အတွက် ရည်မှန်းချက်သည် မြန်မာနိုင်ငံသစ်တော ကျောင်းကို ဒီပလိုမာပေးအပ်နိုင်မည့် သင်တန်းကျောင်းဖြစ်သည့်အထိ အဆင့်မြှင့်တင်နိုင်ရန်၊ ရည်မှန်းချက်ကိုရောက်ရန် ကာလတိုနှင့် ကာလလတ်၊ အဆင့်ဆင့်ပြုပြင်မွမ်းမံမှုများတွင် အဓိက အားဖြင့် သင်ရိုးညွှန်းတမ်း၊ ဘာသာရပ်များ ပြင်ဆင်ဖြည့်စွက်ရေးဆွဲခြင်း၊ သင်တန်းဆရာများ အင်အားဖြည့်တင်းခန့်အပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ တစ်ဆက်တည်းတွင် သင်တန်း ဆရာများ၏ လူမှုဖူလုံရေးနှင့် အကျိုးခံစားခွင့်များကိုမြှင့်တင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းနှင့် ကျောင်းလုပ်ငန်းသုံး မော်တော်ယာဉ်များဖြည့်ဆည်းခြင်း၊ ပြည်တွင်း/ပြည်ပ တက္ကသိုလ်၊ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပြီး သင်တန်းပို့ချမှုများကို ဝန်ထမ်းများသာမက အများပြည်သူထံ ယခုထက် ပိုမိုကျယ်ပြန့်စွာရောက်ရှိရေးတို့ ပါဝင်ပါသည်။ TNA Report ကိုလည်း သစ်တော ဦးစီးဌာနမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးထံတင်ပြရန် ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များ ရရှိလာသည့်အခါ ယခုအလုပ်ရုံဆွေး နွေးပွဲမှရရှိမည့် လုပ်ငန်းစီမံချက်နှင့် ပေါင်းစပ်ပြီး ပိုမိုခိုင်မာသည့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် နိုင်မယ်လို့ ယုံကြည်ပါသည်။ ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ထိရောက်သည့့် ဆွေးနွေးအကြံ ပြုချက်များရရှိပြီး ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်စွာချမှတ်နိုင်ရန်အတွက် အားလုံးမှ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အကြံဉာဏ်များပေးပြီး ဆွေးနွေးပြောကြားပေးပါရန် ပြောကြား ပါသည်။

date: 
Thursday, May 2, 2019 - 16:15