မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ၃-၅-၂၀၁၉ ရက်နေ့၊ ၀၈ : ၃၀ နာရီတွင် Grand Amara ဟိုတယ်၊ နေပြည်တော်တွင် ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်အဖွင့်အမှာစကားပြော ကြားပါသည်။
အမှာစကားပြောကြားရာတွင် - ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် WWF- Myanmar နှင့် ပူးပေါင်းရေးဆွဲနေသည့် သားငှက်တိရစ္ဆာန်တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး လုပ်ငန်းစီမံချက် (မူကြမ်း)ကို ဆွေးနွေးအကြံပြုနိုင်ရန် ရည်ရွယ်ချက်နှင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဇီဝအရင်းအမြစ်ကြွယ်ဝသော်လည်း ဇီဝမျိုးစုံမျိုးကွဲများ အဆင့်အတန်းကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး၊ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ခြင်းသည် အဓိကအကြောင်းအရာတစ်ခုဖြစ်နေကြောင်း၊ မြန်မာနိုင်ငံသည် တောရိုင်းတိရစ္ဆာန်တွေတရားမဝင် ရောင်းဝယ်ခြင်းလုပ်ငန်းအတွက် တစ်ဆင့်ခံသည့် လမ်းကြောင်းသစ်တစ်ခုဖြစ်လာကြောင်း၊ သစ်တောဦးစီးဌာနအနေနှင့် တောရိုင််တိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ခြင်းကို ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက် လျက်ရှိနေကြောင်း၊
ဇီဝမျိုးစုံမျိုးကွဲများဖြစ်သည့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များကို ပိုမို ထိရောက်စွာ ကာကွယ်နိုင်ရန် မြန်မာနိုင်ငံမှ အဖွဲ့ဝင်ရောက်ထားသည့် CITES ကွန်ဗင်းရှင်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတကာကူးသန်းရောင်းဝယ်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ(၂၀၁၈)ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရန်လိုအပ်သည့် နည်းဥပဒေကိုလည်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေ ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း စားသောက်ဆိုင်များ၊ လက်မှု ပစ္စည်း အရောင်းဆိုင်များနှင့် ကားဂိတ်များမှာပညာပေး၊ အသိပေးနှင့် သတိပေး ပိုစတာတွေဖြန့်ဝေ ကပ်နှံမှု၊ နိုင်ငံတကာလေဆိပ်များ၏ TV Monitor Screen များမှာ တရားမဝင်ကူးသန်း ရောင်းဝယ်မှု အသိပညာပေးကြေညာချက်များကို ဆက်တိုက် ထုတ်လွှင့်ပြသနိုင်မှု၊ ပိုစတာ များ ထားရှိပြသနိုင်မှုတို့သည် လုပ်ငန်းအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုများထဲမှ တိုးတက် လုပ်ဆောင်နိုင်မှု တစ်ခုဖြစ်ကြောင်း၊
WWF Myanmar Program ၊ မိတ်ဖက်အဖွဲ့အစည်းတွေနှင့် သစ်တောဦးစီးဌာန တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ပေါ်မှာ ဆင်များသတ်ဖြတ်ခံနေရမှု၊ ဆင်နှင့်အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုတို့ကို တားဆီးနှိမ်နှင်းရေး အသိပညာပေးအနေနှင့် Voice of MoMoCampaign အဖြစ်လည်း မြို့တော်ခန်းမရှေ့၊ ပြည်သူ့ရင်ပြင်၊ ရန်ကုန် လေဆိပ်နှင့် မန္တလေးလေဆိပ်တို့မှာ ဆင်ရုပ်ထုနှင့် ပိုစတာများထားရှိ ပြသသည့် လှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခဲ့ကြောင်း၊
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀-၁၂ ရက်နေ့ တွေမှာ ကျင်းပခဲ့သည့် တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လန်ဒန် ညီလာခံနှင့် ထိုင်းနိုင်ငံမှာ ချင်းမိုင်မြို့မှာ ၂၀၁၉ ခုနှစ်၊ မတ်လမှာကျင်းပခဲ့သည့် တောရိုင်း တိရစ္ဆာန်များတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ခြင်းဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့်အစည်းအဝေးတို့ကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ တက်ရောက်ခဲ့ပြီး တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာလုပ်ငန်း စဉ်များနှင့် ဒေသတွင်းလုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံတွင် တက်ကြွစွာ ပါဝင်လျက်ရှိ ကြောင်း ပြောကြားပါသည်။
နိဂုံးချုပ်အနေနှင့် မိမိတို့နိုင်ငံမှာရှိသည့် အခြေအနေနှင့်အညီလက်တွေ့ အကောင် အထည်ဖော်နိုင်မည့် လုပ်ငန်းစီမံချက်တစ်ခု ထွက်ပေါ်လာရေးအတွက် ပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန်နှင့် စီမံချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင်လည်း ပူးပေါင်းပါဝင်ပေးကြပါရန် ပြောကြားပါသည်။
အခမ်းအနားသို့ နိုင်ငံအဆင့်တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များတရားမဝင် ရောင်းဝယ်မှုများအား ဥပဒေအရ ထိရောက်စွာအရေးယူတားဆီးရေး လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့့် WWF Myanmar Program၊ WCS-Myanmar Program၊ FFI Myanmar Program၊ Istituto Oikos၊ BANCA၊ FOW နှင့် SI တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

date: 
Monday, May 6, 2019 - 14:45