နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုအကြံပေးကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပပြုလုပ်

၁၀-၅-၂၀၁၆ ရက်နေ့၊ (နံနက် ၀၉:၃၀ ) အချိန်တွင် နေပြည်တော် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု အကြံပေး ကော်မတီ၏ စတုတ္ထအကြိမ် အစည်း အဝေး ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်ဦး မှ အဖွင့်အမှာစကားပြောကြားပါသည်။ အဖွင့်အမှာစကား ပြောကြားရာတွင် “နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ”ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့မှာ လုပ်ငန်းတာဝန် (၁၀)ချက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီနဲ့ အကြံပေး ကော်မတီတို့ကို ဆက်လက်ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီအစည်းအဝေး (၆)ကြိမ်၊ လုပ်ငန်း ကော်မတီအစည်းအဝေး (၄)ကြိမ်နဲ့ အကြံပေးကော်မတီအစည်းအဝေး (၃)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသနဲ့ထိစပ်နေတဲ့ တိုင်း ဒေသကြီး၊ ပြည်နယ် (၆)ခုမှာလည်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကော်မတီ (၆)ခုနဲ့ ခရိုင်အဆင့် ကော်မတီ (၁၃)ခုတို့ကို ဖွဲ့စည်းခဲ့ပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်း၊ နည်းပညာနှင့် ငွေကြေးအင်အားတွေ ရယူပြီး အရှိန်အဟုန်မြှင့်် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ ပင်လယ်ကမ်း ရိုးတန်းဒေသဂေဟစနစ်တွေနဲ့ အခြားသဘာဝအကာအရံ (Natural Infrastructure) တွေရဲ့ အရေးပါမှုတွေကို လှစ်လျှူရှုပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရေတိုအကျိုး စီးပွား ဦးစားပေးဆောင်ရွက်ခဲ့ကြတဲ့အတွက် ကမ်းရိုးတန်းသယံ ဇာတတွေဟာ ယိုယွင်းပျက်စီးလာခဲ့ရပါတယ်။ ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံအဆင့် အရေး ကြီးတဲ့ကဏ္ဍဖြစ်တဲ့အတွက် အဘက်ဘက်ကနေပြီးပြည့်စုံတဲ့ စနစ် တစ်ရပ်ဖြစ်စေဖို့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာဌာနများအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပြီး ကမ်းရိုးတန်းသယံဇာတတွေ စီမံအုပ်ချုပ် လုပ်ကိုင်ရာမှာလည်း အားနည်းချက်တွေ အခက်အခဲတွေကိုသိရှိပြီး ပြဿနာ တွေကို ဖြေရှင်းရာမှာ ကြီးကြပ် လမ်းညွှန်ဖို့နဲ့ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ ယခင် ဆယ်စုနှစ်ပေါင်း များစွာ ကျင့်သုံးလာတဲ့ ကဏ္ဍတစ်ခုချင်းအလိုက် သီးသန့်စီဆောင်ရွက်နေတဲ့ ဖွံ့ဖြိုး တိုးတက်ရေးစနစ်တွေကနေ ကျွန်တော်တို့ အားလုံးပါဝင်တဲ့ စနစ်တစ်ရပ်ဖြစ်တဲ့ ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှု“Integrated Coastal Management (ICM)” လို့ခေါ်တဲ့ စနစ်တစ်ရပ်ကို စတင်ကျင့်သုံးလျက်ရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ ပင်လယ်ကမ်းရိုးတန်းသယံဇာတတွေကို စနစ်တကျ စီမံအုပ် ချုပ်လုပ်ကိုင်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန် တွေထဲက ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်တဲ့ ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံ အုပ်ချုပ်လုပ်ကိုင်တဲ့ စနစ်ပေါ်ပေါက်လာရေး ဝိုင်းဝန်းဖော်ထုတ်နေခြင်းသည် ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်ကို ဆောင်ရွက်နေခြင်းပဲဖြစ်ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ကော်မတီဝင်များနဲ့ ကဏ္ဍအသီးသီးက ကိုယ်စားလှယ်များက ပြီးစီးခဲ့သည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ အကြံပေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် တွေအပေါ် ဆောင်ရွက်သင့်သည်များနဲ့ ဗဟို ကော်မတီရဲ့ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သင့်သည်များကို မိမိတို့ ကဏ္ဍအလိုက် လိုအပ်ချက်များ၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ကြရမယ့် လမ်းစဉ်များကို ဝိုင်းဝန်းဖော်ထုတ် အကြံပြုဆွေးနွေး ပေးကြဖို့ တိုက်တွန်း နှိုးဆော်ပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု အကြံပေး ကော်မတီ၏ ကော်မတီဝင်များနဲ့ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရပါသည်။

date: 
Friday, May 10, 2019 - 15:15