ဝါးလက်မှုပစ္စည်းများ ပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “လူမှု စီးပွား အထောက်အကူပြု သင်တန်းအစီအစဉ်”အရ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ စိတ်ပါဝင်စားသူ သင်တန်းသားများအား ဖိတ်ကြား၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်၊ ဒေသခံပြည်သူ ဖွံ့ဖြိုးမှုအစီအစဉ်အရ လူမှုစီးပွား အထောက်အကူပြု သင်တန်းများကို AFoCO Secretariat ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလ (၂၇) ရက်နေ့ မှ ဇွန်လ (၅)ရက်နေ့အထိ “ဝါးလက်မှုပစ္စည်းများ ပြုလုပ်နည်းသင်တန်း”ကို ဖွင့်လှစ်ပို့ချခဲ့ ပြီး (၅-၆-၂၀၁၉)ရက်နေ့တွင် သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းကို ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးအတွက် အသက်မွေးဝမ်း ကြောင်း လုပ်ငန်းများကို အထောက်အကူပြုရန်၊ ဒေသခံပြည်သူ အစုအဖွဲ့ သစ်တောများမှ ဝါးပစ္စည်းထုတ်ကုန်များကို ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပိုမိုအားကောင်းစေရန်၊ ဒေသခံပြည်သူများကို မိမိဝန်းကျင်မှာ လွယ်လင့်် တကူ သုံးစွဲနိုင်၊ ဝယ်ယူနိုင်တဲ့ ဝါးကုန်ကြမ်းများအား ဝါးလက်မှုပစ္စည်းပြုလုပ် တတ်စေပြီး အပိုဝင်ငွေ ရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ သင်တန်းဆရာ(၁)ဦး နှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာမ(၂)ဦး၊ စုစုပေါင်း သင် တန်းဆရာ(၃)တို့ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်းတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူ သင်တန်းသား/ သင်တန်းသူ(၃၁)ဦးတို့ဖြင့် လူမှုစီးပွား အထောက်အကူပြု သင်တန်း၊ ဒုတိယအကြိမ်အား အောင်မြင်စွာ ဖွင့််လှစ်ကျင်းပခဲ့ပါသည်။ (၇-၆-၂၀၁၉)ရက်နေ့၌ AFoCO RETC သင်တန်းကျောင်း ဝန်ထမ်းများက မိုးရာသီ လှုပ်ရှားမှုအဖြစ် သင်တန်းကျောင်းဝန်းအတွင်းရှိ စိုက်ပျိုးပြီး အမှတ်တရ သစ်ပင်များအား ပေါင်းသင်ရှင်းလင်းခြင်း၊ ခါးဆွ၊ မြေတောင်မြှောက်ခြင်း၊ မြေဆွေးထည့်ခြင်းနှင့်် သင်တန်း ကျောင်း လမ်းဘေးတစ်လျှောက်တွင် ပျဉ်းကတိုးသက်ကြီးပျိုးပင် (၂၃)ပင်ကို စိုက်ပျိုးခဲ့ပါ သည်။










