ဥယျာဉ်/ဘေးမဲ့တောများအတွင်း တောရိုင်းတိရစ္ဆာန်များ နေရင်းဒေသပြန်လည် တည်ထောင်ခြင်း လုပ်ငန်းစီမံချက် တင်ပြခြင်း အစည်းအဝေးကျင်းပပြုလုပ်

ဥယျာဉ်/ဘေးမဲ့တောများအတွင်း တောရိုင်းတိရစ္ဆာန်များ နေရင်းဒေသပြန်လည်တည်ထောင် ခြင်းလုပ်ငန်းစီမံချက်တင်ပြခြင်း အစည်းအဝေးကို (၁၄-၆-၂၀၁၉)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန် ၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် နိုင်ငံ၏ သဘာဝဂေဟစနစ်များနှင့် ယင်းတို့၏ ဇီဝမျိုးစုံ မျိုးကွဲများကို ပြန်လည်တိုးတက်ကောင်းမွန်လာစေရေး ထိရောက်သည့် စီမံအုပ်ချုပ်မှုများပြုလုပ် နိုင်ရန် သဘာဝထိန်းသိမ်းရေးနယ်မြေ (၁၉)ခုမှ ရေးဆွဲထားသည့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရေး တင်ပြ ချက်များအပေါ် သုံးသပ်အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊
၂၀၂၁ မှ ၂၀၃၀ အထိကို “ဂေဟစနစ် ပြန်လည်တည်ထောင်ခြင်းဆယ်စုနှစ် (UN Decade on Ecosystem Restoration 2021−2030)” အဖြစ် ကုလသမဂ္ဂက သတ်မှတ်ကြေညာထားပြီး ဖြစ်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း “တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်းလုပ်ငန်းစီမံချက်”ကို ရေးဆွဲဆောင်ရွက်ခြင်းသည် UN Decade on Ecosystem Restoration 2021−2030 တွင် အချိန်ကိုက်ပါဝင်ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း၊
UN Decade on Ecosystem Restoration အစီအစဉ်အရ လက်ရှိအချိန်ကစတင်ပြီး ၂၀၃၀ ခုနှစ်မတိုင်မီ ပြုန်းတီးနေသည့် မြေဟက်တာသန်းပေါင်း(၃၅၀) အကျယ်အဝန်းရှိ နေရင်းဒေသ များကို ပြန်လည်ကုစားနိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာသန်းပေါင်း ၉သိန်းခန့် တန်ဖိုးရှိ ဂေဟ စနစ်ဝန်ဆောင်မှုများကို ထိန်းသိမ်းရာရောက်သည်ဟု ကုလသမဂ္ဂမှ ကြေညာထားကြောင်း၊ “မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan) အစီအစဉ်အရ မဏ္ဍိုင်(၃)တွင်ပါဝင်သည့် ပန်းတိုင်(၅) အစီ အစဉ်ဖြစ်သည့် နိုင်ငံ၏ အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်တွင် ပါရှိသည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်အချို့သည် သဘာဝထိန်းသိမ်းရေးနယ်မြေများကို ထိထိ ရောက်ရောက် စီမံအုပ်ချုပ်မှုနှင့် တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊
ထို့အပြင် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NECC) သည်လည်း ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်းရင်းနှီးမြှပ်နှံမှုတွင် ထည့်သွင်းလျာထားနိုင်ရန်အတွက် Project Bank တွင် ထည့်သွင်းထားသည့် စီမံကိန်းများအနက် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်းလုပ်ငန်းအစီအစဉ် ၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ (Re-establishing Natural Habitats Programme - RNH) ကို ဗျူဟာမြောက်စီမံကိန်းအဖြစ် ဦးစားပေးရွေးချယ်ခဲ့ပါကြောင်း၊
RNH သည် ဥယျာဉ်/ဘေးမဲ့တော (၁၉) ခု၏ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက်တွေကို စုစည်းပြီးရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဦးစားပေးဗျူဟာ မြောက်စီမံကိန်းလုပ်ငန်းဖြစ်သည်နှင့်အညီ လုပ်ငန်းအစီအစဉ် ပထမနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဥယျာဉ်/ဘေးမဲ့တော (၁၉) ခုတွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့် ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားပါသည်။
အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေအုပ်ချုပ်ရေးမှူးများ၊ NGO/ INGO များမှ ကိုယ်စား လှယ်များ တက်ရောက်ကြပါသည်။

date: 
Friday, June 14, 2019 - 16:00