၂၀၁၈-၂၀၁၉ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ

၂၀၁၈ -၂၀၁၉ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်း သား/သမီးများ အားပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို(၁-၇-၂၀၁၉)ရက်နေ့၊နံနက်(၀၈:၃၀)နာရီတွင် သစ်တော ဦးစီးဌာန၊အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက် အမှာစကားပြောကြားရာတွင် -
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားများကို ၂၀၀၄ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပဆောင်ရွက်လာခဲ့ကြောင်း၊ ယခု ပညာသင်နှစ်တွင် (၆)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး ၊ (၅) ဘာသာ ဂုဏ်ထူးရှင် (၁၇) ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁၆) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၀) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၃၄) ဦးနှင့် (၁) ဘာသာ ဂုဏ်ထူးရှင် (၈၂)ဦး ၊ ဂုဏ်ထူးရှင်စုစုပေါင်း(၁၇၂) ဦး အပါအဝင် အောင်မြင်သူ ပေါင်း(၇၃၀)ဦး ဖြစ်ပါကြောင်း၊
ပညာရည်ချွန်ဆု ချီးမြှင့်ရသည့် ရည်ရွယ်ချက်များမှာ မိမိဝန်ကြီးဌာနအတွင်းရှိသည့် ဝန်ထမ်း များ၏ သား/သမီးများသည် တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာဖြေဆို အောင်မြင်ခဲ့ကြခြင်း အတွက် ဇွဲ ၊ လုံ့လ ၊ ဝီရိယကို အသိအမှတ်ပြုခြင်းနှင့်မောင်ငယ်၊ ညီမငယ်များအနေနှင့် လည်း အားကျ အတုယူ ကြိုးစားအားထုတ်ကြခြင်းဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များစွာ ပေါ်ထွန်းလာ စေရေး တို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊
တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးများနှင့် အောင်မြင်အောင်ကြိုးပမ်းမှုကို ဂုဏ်ပြုလိုသည့် အတွက် ဘာသာစုံဂုဏ်ထူးရှင်တစ်ဦးစီကို (၅)မူးသား ရွှေဆွဲပြားတစ်ပြား၊ (၅)ဘာသာ ဂုဏ်ထူးရှင် တစ်ဦးစီကို (၁)မတ်သား ရွှေဆွဲပြားတစ်ပြားနှင့် ဂုဏ်ထူးရ(၁)ဘာသာလျှင် (၅)သောင်းကျပ်၊ ရိုးရိုး အောင်မြင်သူများအား (၃)သောင်းကျပ်နှုန်းစီ ချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း၊
ယနေ့ နိုင်ငံတော်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရေးကြီးသည့် ကဏ္ဍ အနေဖြင့် ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊အခြေခံလိုအပ်ချက်ဖြစ်သည့် အသိပညာ၊ အတတ်ပညာများ မြင့်မားနေရန်ဖြစ်ကြောင်း၊နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကိုလည်း အခြေခံမှစ၍ ပြုပြင်ပြောင်းလဲလျက်ရှိပြီး ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများကို အခမဲ့ပညာရေးစနစ် သတ်မှတ်ထားပြီး၊ သင်ရိုးညွှန်းတမ်းစာအုပ်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိသည့်နိုင်ငံတကာတက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး၊ပညာသင်ကြားနိုင်သည့်အခွင့်အလမ်း များပိုမိုရရှိလာပြီဖြစ်၍ ကြိုးစားအားထုတ်ရန်သာလိုအပ်ကြောင်း၊ ပညာသင်ဆုအတွက်ဝင်ရောက် ဖြေဆို၍ ကုန်ကျစရိတ်သက်သာစွာဖြင့် နိုင်ငံတကာတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရနေပြီ ဖြစ်ကြောင်း ၊
ကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်ကိုကြည့်လျှင် ကျောက်ခေတ်မှစပြီး ကြေးခတ်၊ သံခေတ်၊ စက်မှုခေတ်၊ လျှပ်စစ်ခေတ်၊ အိုင်တီခေတ် စသည်ဖြင့် အဆင့်ဆင့် တိုးတက်ဖြစ်ပေါ် လာခဲ့ ရာ ယနေ့ဆိုလျှင် ပညာခေတ်ဟု အသိအမှတ်ပြုထားကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်နေသည့် နိုင်ငံကြီးများကိုကြည့်လျှင် ခေတ်မီပညာရပ်များကို အသုံးချပြီး ဖွံ့ဖြိုး တိုးတက်မှု အသီးအပွင့်များကို စားသုံးနေကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ပညာနှင့်ပတ်သက်၍ “ပညာသမာအာဘာနတ္ထိ”(ပညာနှင့်တူသောအလင်းရောင်သည်မရှိ)“ပညာသမံနတ္ထိမိတ္ထံ” (ပညာနှင့် တူသော အဆွေခင်ပွန်းမရှိ) ဟု အဆိုအမိန့်များ ရှိကြောင်း၊
ကောင်းသည့်အမူအကျင့်သည် ပြုမူကျင့်ကြံရတာ ခက်သလို၊ မကောင်းသည့် အမူအကျင့်တွေ ကူးစက်ပျံ့နှံ့လွယ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် အမျိုးဘာသာဓလေ့စရိုက်တို့ကို မပျက်စီး မပျောက်ကွယ် အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန် တာဝန်ရှိသလို ကူးစက်ပျံ့နှံ့နိုင်သည့် မကောင်း သည့်ဓလေ့စရိုက် အမူအကျင့်များကိုလည်း ကာကွယ်ရှောင်ရှားနိုင်ဖို့ မှာကြားလိုကြောင်း၊
မိဘအုပ်ထိန်းသူတို့ကိုထူးချွန်ထက်မြက်သည့်သား/သမီးများကို မွေးထုတ်ပေးနိုင်ခဲ့ကြသည့် အတွက်ဂုဏ်ယူပါကြောင်း၊သား/သမီးများကိုချီးမြှောက်ခံရခြင်းအတွက် ဝမ်းသာပီတိများနှင့်ဖုံးလွှမ်း နေမည်ဆိုသည်ကိုယုံကြည်ပါကြောင်း၊“လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယမိနှင့်ဘ”ဆိုသည့်စကား အတိုင်းမိဘများသည်သား/သမီးများ၏ ကနဦးဆရာများဖြစ်သည့်အတွက် ကြည့်ရှု့စောင့်ရှောက် သွန်သင်ဆုံးမနေရန် မှာကြားလိုကြောင်း၊“မကောင်းမေတ္တာ ကောင်းရာ ညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်းထိမ်းမြှားခြင်းလျှင်ဝတ်ငါးအင်ဖခင်မယ်တို့တာ”ဆိုသည့်ကျင့်ဝတ်အတိုင်း မိဘကျင့်ဝတ် ( ၅)ပါးနှင့်အညီပြည့်စုံအောင်ကျင့်ကြံပေးဆပ်သွားနိုင် ကြရန် တိုက်တွန်းလိုကြောင်း၊
နိဂုံးချုပ်အနေနှင့် ယနေ့ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသူ/ကျောင်းသား သားတို့သမီးတို့အနေနှင့်အခုလိုအောင်မြင်မှုများကို ဘဝတစ်လျှောက် ဆက်လက်ရရှိသွားအောင်စဉ်ဆက်မပြတ်ကြိုးစားကြရန်၊ ဘဝတွင် ရင်ဆိုင်တွေ့ကြုံရမည့် လောကဓံ တရားတွေကို ကျော်လွှားနိုင်အောင်ကျင့်ကြံဆောင်ရွက်ကြပါရန်၊နိုင်ငံတော်၊ဝန်ကြီးဌာနနှင့် မိဘများ အတွက် ဂုဏ်ယူနိုင်မည့်ပညာရှင်ကြီးများဖြစ်အောင် ကြိုးစားကြပါရန်နှင့်နိုင်ငံတော်၏ သားကောင်း ရတနာ ၊ သမီးကောင်း ရတနာများ ဖြစ်အောင် ကြိုးပမ်းကြပါဟု တိုက်တွန်းပြောကြားပါသည်။
အခမ်းအနားသို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ဖိတ်ကြားထားသော အရာထမ်း၊ အမှုထမ်း များ၊ ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘဆွေမျိုးများ တက်ရောက်ကြ ကြောင်း သိရှိရပါသည်။

date: 
Tuesday, July 2, 2019 - 13:30