REDD+ ဆိုင်ရာလူမှုရေးနှင့် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု သတင်းအချက် အလက်စနစ် တည်ထောင်ရေး ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

REDD+ဆိုင်ရာလူမှုရေးနှင့် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက် စနစ် တည်ထောင်ရေးဆွေးနွေးပွဲကို (၁၀-၇-၂၀၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီး ဌာန၊ အင်းကြင်းခန်းမ၊ နေပြည်တော်၌ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်မင်းမှ အဖွင့် အမှာစကားပြောကြားပါသည်။အမှာစကားပြောကြားရာတွင် ယနေ့အလုပ်ရုံဆွေးနွေးပွဲ၏အဓိက ရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံ၏ REDD+ ဆိုင်ရာ လူမှုရေးနှင့်ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက် REDD+ Safeguards Information System (SIS) တည်ထောင်နိုင်ရေးအတွက် လိုအပ်သော သတင်း အချက်အလက်များ စုဆောင်းနိုင်ရန်နှင့် SIS Option Design တည်ဆောက်ရန် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးဖော်ထုတ်သွားဖို့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှုများကို ထိထိရောက်ရောက် တားဆီးနိုင်ရန်နှင့် သစ်တောများကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် REDD+ ကို အကောင်အထည်ဖော်မည်ဟု ကတိက၀တ်ပြုထားသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ သစ်တောဉီးစီးဌာန၏ ဉီးဆောင်မှု၊ UN-REDD Programme ၏ နည်းပညာပံ့ပိုးမှုများနှင့် မြန်မာနိုင်ငံ၏ REDD+ အသင့်ပြင်ဆင်ခြင်း လုပ်ငန်းစဉ် များ ကို ၂၀၁၆ ခုနှစ်ကစတင်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊REDD+ သည် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း(UNFCCC) အောက်မှာ အဆိုပြုခဲ့ကြသည့် လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် လူတွေ ဖန်တီးသည့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအများအပြားကို လျှော့ချခြင်းအားဖြင့် ရာသီဥတု ပြောင်းလဲမှု၏အကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာစေရေးအတွက် နိုင်ငံတကာ ကြိုးပမ်း အားထုတ်မှုများမှာ ပါဝင်ကူညီဆောင်ရွက်ရန် ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊REDD+ လုပ်ငန်းစဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချ နိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများဖြစ်သည့် ဇီဝ မျိုးစုံ မျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးဇူးများ ကိုလည်း ရရှိစေနိုင်ပါကြောင်း၊ REDD+ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကာလတစ်လျှောက် လုံးတွင် လူမှုရေးနှင့်ပတ်ဝန်းကျင် ဆိုင်ရာကာကွယ်စောင့်ရှောက်မှု (Cancun Safeguard) အခြေခံ မူ(၇)ချက်ကိုလေးစားလိုက်နာဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ထို့အပြင်လူမှုရေးနှင့်ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက်စနစ် (Safeguard Information System) တစ်ခု လည်း တည်ထောင်ဖို့ လိုပါကြောင်း၊
REDD+ Safeguard ကို ဆောင်ရွက်ရာတွင် နိုင်ငံတွင်းမှာရှိသည့်သူများ နားလည် လက်ခံ နိုင်မည့် စကားလုံး အသုံးအနှုန်းများကို အသုံးပြုဖို့ အထူး အရေးကြီးပါကြောင်း၊ ဦးစားပေးရမည့် ကိစ္စများကို သတ်မှတ် ဖော်ထုတ်ရပါကြောင်း၊ နိုင်ငံတွင်းမှာရှိသည့် မူဝါဒများ၊ တည်ဆဲဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများကိုလည်း ထည့်သွင်းစဉ်းစားရပါကြောင်း၊ မြန်မာနိုင်ငံအတွက် ကာကွယ် စောင့်ရှောက်မှုလုပ်ငန်းစဉ်များကို နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီအောင်ဖွင့်ဆိုရှင်းလင်းချက် (Safeguard Clarification) ကို စနစ်တကျ ပြုစု ထားရန်လည်း လိုအပ်ပါကြောင်း၊
လုံခြုံစိတ်ချမှုဆိုင်ရာ သတင်းအချက်အလက်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သော သတင်းအချက်အလက်ရနိုင်မည့် အရင်းအမြစ်များ ဆွေးနွေးဖော်ထုတ်ခြင်း၊ လုံခြုံစိတ်ချမှုဆိုင်ရာ စီမံချက်ဆိုင်ရာ တိုးတက်မှု အခြေအနေများအား အကဲဖြတ်စိစစ်ရန် ပမာဏ ရွေးချယ်ထားသော ညွှန်းကိန်းများ ဆွေးနွေးတိုင်ပင်ခြင်း၊ လုံခြုံစိတ်ချမှုဆိုင်ရာ သတင်းအချက် အလက်စနစ်အား အကောင်အထည် ဖော်ဆောင်ရန်အတွက် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ ကိစ္စများနှင့် ဖွဲ့စည်းမှုဆိုင်ရာ စီမံချက်များအား အဓိကထားဆွေးနွေးရန် လိုအပ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ Safeguard Information System အောင်မြင်စွာ ရေးဆွဲနိုင်ရေးအတွက် အလွန်အရေး ပါသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ အထောက်အကူပြုမည့် ဆွေးနွေးသုံးသပ်ချက်များ၊ အကြံပြုချက်များ ရရှိအောင် ကြိုးပမ်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားပါသည်။
ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ အရာရှိများ၊ REDD+ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အသီးသီးမှ အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် UN-REDD Programme မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

date: 
Wednesday, July 10, 2019 - 15:15