အမျိုးသားမြေအသုံးချမှုကောင်စီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(OneMap Myanmar) ရေးဆွဲအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ၊ပထမအကြိမ်အစည်းအဝေးကျင်းပပြုလုပ်

အမျိုးသားမြေအသုံးချမှုကောင်စီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ ပထမအကြိမ်အစည်းအဝေးပွဲကို (၁၇-၇-၂၀၁၉) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကောမတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး၊ ယခု အစည်းအဝေးသည် ပထမအကြိမ်ကျင်းပသော အစည်းအဝေးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေ ဖြင့် လက်ရှိဆောင်ရွက်နေဆဲ လုပ်ငန်းများအခြေခံပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေးချမှတ်ပေးရန် လိုအပ်သည့်အတွက် ယခုလိုအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊
နိုင်ငံအတွင်းရှိ သဘာဝသယံဇာတများအား ပြည်သူပြည်သားများ၏ စားဝတ်နေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အသုံးပြုရေးနှင့် အနာဂတ်မျိုးဆက်သစ်များ ရယူအသုံးပြုနိုင် ရေးတို့အတွက် အရေးကြီးကြောင်း၊ မြေသယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် ကြီးကြပ် လမ်းညွှန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် မြေအသုံးချမှုဆိုင်ရာအချက်အလက်များကို စုစည်းထားရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံးအတွက် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခုတည်ထောင် ရန် ယနေ့အစည်းအဝေးတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေး ရန်လိုအပ်ကြောင်း၊
နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်၊ အသုံးချနိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုမူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာထုတ်ပြန်ကြေညာခဲ့ပြီး မြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက် ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချမှုမူဝါဒအပိုင်း ၁၊ အခန်း ၃ တွင် ပြည်သူများမှ သတင်းအချက်အလက်များကို အလွယ်တကူရယူသုံးစွဲရေးအပါအဝင်ထိရောက်သောမြေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် များစီမံခန့်ခွဲမှုဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် အခြေခံမူဖော်ပြပါရှိပါကြောင်း၊ အပိုင်း ၂ အခန်း ၃ သည်လည်း မြေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်စီမံခန့်ခွဲခြင်းဆိုပြီး လမ်းညွှန်မှုပြုထား သည့်အတွက် အမျိုးသားမြေအသုံးချမှု လုပ်ငန်းကော်မတီများဖွဲ့စည်းရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း၊
၂၀၁၆ ခုနှစ်မှစတင်ပြီး ဖွဲ့စည်းထားခဲ့တဲ့မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ (OneMap Myanmar Technical Steering Committee)အား မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊
ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(OneMap Myanmar)ရေးဆွဲ အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ၏ သတ်မှတ်လုပ်ငန်းတာဝန် ၁၂ ရပ်သည် အမျိုးသားမြေအသုံးချမှုမူဝါဒပါ မြေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ စီမံခန့်ခွဲခြင်းလုပ်ငန်းများနှင့် အမျိုးသားမြေ အသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကိုထိရောက်စွာအကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် တည်ထောင်ခြင်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနများ၊ ဆက်စပ် ပတ်သက်နေသောအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နိုင်ရေးပံ့ပိုးပေးနိုင်ရန်နှင့် လမ်းညွှန်မှုပေး ရန်၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ဆိုင်ရာမူဝါဒ ပေါ်ထွန်းလာစေရေး ကြီးကြပ်ဆောင်ရွက်ရန်တို့ ဖော်ပြပါဝင်ပါကြောင်း၊
လုပ်ငန်းကော်မတီအနေနှင့် မြေသယံဇာတများကိုစနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ရန်နှင့် နိုင်ငံအဆင့်သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခုတည်ထောင်ရန်အတွက် အဖွဲ့ဝင်များအနေ ဖြင့်ပေါင်းစပ်ညှိနှိုင်းပေးရန်အရေးကြီးကြောင်း၊ သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်များကို ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အစည်းအဝေးမှာရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများ ကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးညှိနှိုင်းကြပါရန် တိုက်တွန်းပြောကြားပါသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခ(ဌာနမှူး)၊ One Map Myanmar နည်းပညာဆိုင်ရာအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြကြောင်း သိရှိရပါသည်။

date: 
Thursday, July 18, 2019 - 11:00