ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ (နောက်ဆုံးမူကြမ်း) အပေါ်ကျွမ်းကျင်သူများအကြံပြုဆွေးနွေးပွဲကျင်းပ

ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ(နောက်ဆုံးမူကြမ်း)အပေါ် ကျွမ်းကျင်သူများ အကြံပြုဆွေးနွေးပွဲကို ၁၇-၇-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် တော်ဝင်နေပြည်တော်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ”အတွက် အထောက်အကူဖြစ်စေမည့် နည်း ဥပဒေကြမ်း” အား အတည်ပြုထုတ်ပြန်နိုင်ရန် အထက်အဆင့်သို့ မတင်ပြမီ နောက်ဆုံးသုံးသပ် ဆွေးနွေးပွဲဖြစ်ကြောင်း၊
“ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ” အား ၂၀၁၈ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းလိုက်ပြီး ဥပဒေကို အကောင်အထည်ဖော် ရန် လိုအပ်သည့် နည်းဥပဒေကို All Inclusive အားလုံးပါဝင်စေရန် နည်းလမ်းကို အသုံးပြုခဲ့ ကြောင်း၊
ယခုနည်းဥပဒေကြမ်းသည် အထက်တွင်ပြောကြားခဲ့သည့် ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်နိုင်ရန် ရေးဆွဲထုတ်ပြန်မည့် နည်းဥပဒေတစ်ရပ်ဖြစ်ကြောင်း၊ ပြည်ထောင် စုရှေ့နေချုပ်ရုံး၏ ဥပဒေပိုင်းဆိုင်ရာဖော်ပြချက်အရ နည်းဥပဒေတစ်ခုအား ရေးဆွဲရာတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေကို ကျော်လွန်မှုမရှိရန်ဖြစ်ပါကြောင်း၊ ဥပဒေတစ်ရပ်သည် ပြီးပြည့်စုံသည့် ဥပဒေဖြစ်ရန် ခဲယဉ်းကြောင်း၊ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်းချက် များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းဥပဒေဖြစ်စေရန် အလေးထား ပါကြောင်း၊
ဆွေးနွေးပွဲအပြီးရလာဒ် နည်းဥပဒေကြမ်းအား ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ အဆင့် ဆင့်တင်ပြ၍ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ တွင် အတည်ပြုနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ ဆွေးနွေးပွဲသည် အောင်မြင်ပြည့်စုံသည့် ဆွေးနွေးပွဲတစ်ခုဖြစ်ရန် မျှော်လင့်ပါကြောင်း ပြောကြားပါသည်။
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံအစုအဖွဲ့ ကိုယ်စားလှယ်များ၊ ထိန်းသိမ်းရေးဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

date: 
Thursday, July 18, 2019 - 13:15