ဌာနေတိုင်းရင်းသားများနှင့် ဒေသခံများ ထိန်းသိမ်းကာကွယ်သည့်နယ်မြေများ (ICCAs) နှင့် ဒေသခံအစုအဖွဲ့သဘာဝထိန်းသိမ်းရေးနယ်မြေများ(CCPAs)ဆိုင်ရာဆွေးနွေးပွဲကျင်းပ

“ဌာနေတိုင်းရင်းသားများနှင့် ဒေသခံများထိန်းသိမ်းကာကွယ်သည့်နယ်မြေများ (ICCAs) နှင့် ဒေသခံအစုအဖွဲ့သဘာဝထိန်းသိမ်းရေးနယ်မြေများ(CCPAs)” ဆိုင်ရာဆွေးနွေးပွဲကို ၁၈-၇-၂၀၁၉ ရက်နေ့၊ နံနက် (၀၈ : ၃၀)နာရီတွင် တော်ဝင်နေပြည်တော်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ကွဲပြား ခြားနားသည့် ဒေသကြီး(၃)ခုဖြစ်သည့် မြောက်ဘက်တွင် ဟိမဝန္တာဒေသ၊ အရှေ့ဘက်တွင် အင်ဒိုချိုင်းနားဒေသနှင့် တောင်ဘက်တွင် မလေးကျွန်းဆွယ်ဒေသတို့အကြား တည်ရှိသော ကြောင့် နိုင်ငံတွင်းတွင် မိုးရေချိန်နှင့် မြေမျက်နှာသွင်ပြင်ကွဲပြားခြားနားမှု၊ မြစ်ချောင်းများ ပေါများမှုကြောင့် အမျိုးအစားစုံသည့် သဘာဝသစ်တောများ၊ ဂေဟစနစ်များကို ဖြစ်ပေါ်တည် ရှိစေပြီး ဇီဝမျိုးစုံမျိုးကွဲအများအပြား၊ သဘာဝသယံဇာတများစွာ ပိုင်ဆိုင်ကြောင်း၊
ဇီဝမျိုးစုံမျိုးကွဲများ၊ သဘာဝအရင်းအမြစ်များသည် ပြည်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန်နှင့် ကမ္ဘာကြီးကို ခြိမ်းခြောက်နေသည့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် အတွက် အရေးကြီးသည့့်နေရာတွင်ပါဝင်နေကြောင်း၊ ၂၀၁၈ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေတွင် ဒေသခံများနှင့် ဌာနေတိုင်းရင်းသားများကိုယ်တိုင် စီမံအုပ်ချုပ်ထိန်း သိမ်းနိုင်မည့် “ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ” ပါဝင်လာပါကြောင်း၊
ဥပဒေနှင့်အညီဖွဲ့စည်းသည့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းနိုင်ပြီး နိုင်ငံ၏ ရည်မှန်းချက်အောင်မြင်စေရန် အထောက်အကူပြုသကဲ့သို့ အခြားတစ်ဘက်တွင် ထိန်းသိမ်းရေး အတွက် အငြင်းပွားမှုများပပျောက်ပြီး Sense of Ownership အပြည့်အဝနှင့် ဒေသခံများ ကိုယ်တိုင် ၎င်းတို့နှင့် နီးကပ်စွာတည်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်တည်တံ့စွာ အသုံးပြု နိုင်ရန် ဖြစ်ပါကြောင်း၊
ဥပဒေတွင် ဒေသခံပြည်သူများကိုယ်တိုင်ထိန်းသိမ်းကာကွယ်၊ စီမံအုပ်ချုပ်နိုင်သည့် သဘာဝထိန်းသိမ်းရေးနယ်မြေသတ်မှတ်နိုင်ရေးနှင့်အခြားသဘာဝထိန်းသိမ်းရေးနယ်မြေ အမျိုး အစားများတွင်လည်း ဒေသခံပြည်သူများ စားဝတ်နေရေးလိုအပ်ချက်အတွက် ရေရှည်တည် တံ့စေသည့်နည်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို အသုံးပြုနိုင်ရန် ကြားခံနယ်မြေဖွဲ့စည်းနိုင်ရေး၊ ဒေသခံ အခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ပြဋ္ဌာန်းချက်များ ထည့်သွင်းထားပြီးဖြစ်ကြောင်း၊ ဥပဒေကို အကောင်အထည်ဖော်ရန် နည်းဥပဒေကို ရေးဆွဲ လျက်ရှိရာ အတည်ပြုထုတ်ပြန်နိုင်ရန်အဆင့်ကို ဆောင်ရွက်ရန်သာကျန်ရှိကြောင်းနှင့် ယနေ့ ဆွေးနွေးပွဲသည် အောင်မြင်ပြည့်စုံသည့် ဆွေးနွေးပွဲတစ်ခုဖြစ်ရန် မျှော်လင့်ထားပါကြောင်း ပြောကြားပါသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအသီးသီးမှကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံအစုအဖွဲ့ကိုယ်စားလှယ်များ၊ ထိန်းသိမ်းရေးဆိုင်ရာ အစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရပါသည်။

date: 
Thursday, July 18, 2019 - 13:30