မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဂေဟစနစ် မတူညီသော ဒေသများတွင် ဒေသခံအခြေပြု သစ်တော ထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းများ အတွက် လေ့လာသင်ယူခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဂေဟစနစ်မတူညီသော ဒေသများတွင်ဒေသခံအခြေပြုသစ်တော ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများအတွက် လေ့လာသင်ယူခြင်းနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၂-၇-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော် ၊သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ကျော်လွင် တက်ရောက်အဖွင့် အမှာစကားပြောကြား ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်FAO အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် “မြန်မာနိုင်ငံ၏ မတူညီသော ဂေဟစနစ်များတွင် ရေရှည် တည်တံ့သော စိုက်ပျိုးမြေနှင့် သစ်တောသယံဇာတစီမံအုပ်ချုပ်မှု နည်းစနစ်များဖော်ဆောင်ခြင်း စီမံကိန်း” အစီ အစဉ်ဖြင့်ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။ ဤစီမံကိန်းသည်FAO၏ ဦးဆောင်မှု နှင့် ဒေသခံ NGO, CSO များနှင့်ပူးပေါင်းပြီး မတူညီသည့်ဂေဟစနစ် (၃)ခုဖြစ်သည့်ကမ်းရိုးတမ်း၊ ကုန်းမြင့်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသများတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီမှုရှိသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ ဒေသခံပြည်သူတို့ ပူးပေါင်းပါဝင်ပြီး ရေရှည်တည်တံ့သည့် သစ်တော စီမံ အုပ်ချုပ်မှုနည်းစနစ်များကိုသရုပ်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊စီမံကိန်းဧရိယာအနေနှင့်ကုန်းမြင့် ဒေသဖြစ်သည့် ချင်းပြည်နယ်တွင် မင်းတပ်မြို့နယ်နှင့်ကန်ပက်လက်မြို့နယ်၊ ဒီရေတောဧရိယာဖြစ် သည့် ဧရာဝတီတိုင်းဒေသကြီးမှလပွတ္တာမြို့နယ်နှင့် အပူပိုင်းဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး မှ ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်း မြို့နယ်တို့တွင် ဆောင်ရွက်နေပါကြောင်း၊
ယနေ့စီမံကိန်း၏လုပ်ငန်းစဉ်များအရ အစိုးရမဟုတ်သည့် အဖွဲ့အစည်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနှင့် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်သည့်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲသည် FAO နှင့် RECOFTC မြန်မာနိုင်ငံ အစီအစဉ် တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ် (၇)ခု အနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊
သစ်တောဦးစီးဌာနအနေနှင့်လည်း ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်တွင် အရေးကြီးသည့် သစ်တောသယံဇာတများကို ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ခြင်း၊ ဒေသခံများ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီစွာနေထိုင်နိုင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိပါကြောင်း၊
သစ်တောသယံဇာတများကို စီမံအုပ်ချုပ်ရာတွင် ဒေသခံများ ပူးပေါင်းဆောင်ရွက်လာနိုင်စေ ရန်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကို၁၉၉၅ခုနှစ်မှစ၍ ပြဌာန်း ပြီး ဆောင်ရွက်ခဲ့ပါကြောင်း။ ၂၀၃၀ ခုနှစ်တွင် သစ်တောဧရိယာ ၂.၂၇ ဧကသန်းကို ဒေသခံ များစီမံအုပ်ချုပ်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအဖြစ် တည်ထောင်ဆောင်ရွက်နိုင်စေ ရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်လိုက် လျောညီမှုရှိ စေရန် ဒေသခံပြည်သူများ၏ လိုလားချက်နှင့် အကျိုးစီးပွားကို ပိုမိုဖြည့်ဆည်းနိုင်စေရန် အဆိုပါ ညွှန်ကြားချက်ကို ဖြည့်စွက်ပြင်ဆင်ပြီး ၂၀၁၆ မှာ ခေတ်နဲ့လျှော်ညီစွာ ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။ ၂၀၁၈ခုနှစ်မှာသစ်တောဥပဒေအသစ်ထုတ်ပြန်ခဲ့သည့်အတွက် သစ်တောဥပဒေနှင့် လိုက်လျောညီ ထွေ ဖြစ်စေရန် ၂၀၁၉ ခုနှစ်၊ မေလ (၈)နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် (၂၀၁၉)ကို မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ မိမိတို့ဘာသာစာပေနှင့်လေ့လာ ဖတ်ရှုနိုင်ရေးအတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်၊ နာဂ စသည့် တိုင်းရင်းသား ဘာသာ(၁၅)မျိုးကို ယခုစီမံကိန်း အစီအစဉ်အရ ဘာသာပြန် ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊
ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို ဥပဒေကြောင်းဆိုင်ရာ အထောက်အပံ့ ခိုင်မာစေရန် အသစ်ပြဌာန်းခဲ့သည့် သစ်တောဥပဒေတွင် ဖော်ပြခဲ့ပြီး၊ ပြင်ဆင်ရေးဆွဲလျက်ရှိသည့် သစ်တောနည်းဥပဒေတွင်လည်း ဒေသခံ ပြည်သူများအတွက် သစ်တောထိန်းသိမ်းရာတွင် ပိုမိုခိုင်မာ အားကောင်း လာစေရန်အခန်း တစ်ခန်း သီးသန့် ထည့်သွင်း ရေးဆွဲလျက်ရှိပါကြောင်း၊
အိမ်ထောင်စုပေါင်း (၁၂၁,၁၈၇) ပါဝင်သည့် အဖွဲ့ပေါင်း (၄၇၄၃)အတွက် သစ်တောဧရိယာ ဧကပေါင်း (၆၁၉,၆၄၆)ခန့် ကို ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တော စီမံအုပ်ချုပ်တဲ့ စနစ်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊
စီမံကိန်းဆောင်ရွက်နေသည့် မြို့နယ် (၅)ခုမှာလည်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ဧရိယာဖော်ထုတ်နိုင်ဖို့ မြေဧရိယာနည်းပါးသည့် အကန့်အသတ်များ ကြုံတွေ့ခဲ့ရသည့်အပြင် သစ်တောမြေမဟုတ်သည့်အစိုးရမြေများတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင် ရွက်ခွင့်ရရှိဖို့ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောတူညီမှု ရရှိစေရန်အချိန်ယူဆောင်ရွက်ခဲ့ရပါ ကြောင်း၊
ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင်မြန်မာနိုင်ငံရဲ့မတူညီသည့် ဂေဟစနစ်သုံးခုတွင်ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်မယ်ဆိုလျှင်ကြုံတွေ့နေရသည့်အခက်အခဲများ၊ အားသာ ချက်များကို ဝေမျှနိုင်စေရန်၊ အတွေ့အကြုံများကို အခြေခံပြီး ဆက်လက်ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်စေရန်အတွက် အနာဂတ်တွင် ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်မည့်အစီအစဉ်များကိုချမှတ်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ထို့ကြောင့် မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတများကို အခြေခံပြီးအလုပ်ရုံဆွေးနွေးပွဲ၏ ရည်မှန်းချက်ရလဒ်များ ရရှိစေရန် အပြုသဘောဆောင်သည့် အကြံပြုချက်များနှင့်လွတ်လပ်တက်ကြွစွာ ဆွေးနွေးအကြံပြုပေးကြပါ ဟု တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း၊
အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ FAO စီမံကိန်းရုံးအဖွဲ့မှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ NGO/ INGO များနှင့် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရှိရပါသည်။

date: 
Monday, July 22, 2019 - 16:45