နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးပွဲအား ၉-၈-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တော ဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့် အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် - “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ” ရဲ့လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားသည့် “လုပ်ငန်းကော်မတီရဲ့ ပဉ္စမအကြိမ်အစည်းအဝေး” ဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်း၏ သယံဇာတများရေရှည် တည်တံ့စေရန်နှင့် ကမ်းရိုးတန်းဒေသတွေမှာ ဖြစ်ပေါ်နေသည့် မြေထု/ ရေထုညစ်ညမ်းမှုများ၊ အငြင်းပွားမှုပြဿနာများ၊ အစိုးရ၊ ဌာနဆိုင်ရာ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံလူထုတို့ အကြားပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အဆင့်/ ဗဟိုအဆင့်မှ တိုင်းဒေသကြီး နှင့်ပြည်နယ်၊ ခရိုင်အဆင့်အထိ ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများကို အဆင့်အဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုအချိန်အထိ ဗဟိုကော်မတီ အစည်းအဝေးကို (၆)ကြိမ်ကျင်းပခဲ့ပြီး ပထမအကြိမ်မှ ဆဌမအကြိမ်အစည်း အဝေးထိ ဆုံးဖြတ်ချက်ပေါင်း (၄၇)ချက်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ကမ်းရိုးတန်း သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်အတွက် ၎င်းသယံဇာတများအပေါ်မှာ မှီတင်းနေထိုင် ကျက်စားနေကြသည့် ဇီဝမျိုးစုံမျိုးကွဲများလည်း ပေါများပါကြောင်း၊ ကမ်းရိုးတန်းဒေသများမှာ ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ်မြက်ခင်း၊ ရွှံ့နွံ့လတာပြင်၊မြစ်ဝ နှင့် သဲသောင်ကမ်းခြေဂေဟစနစ်စသည့် ထူးခြားသည့်ဂေဟစနစ်များ ပိုင်ဆိုင်ထားပြီး၊ တန်ဖိုး မဖြတ်နိုင်သည့် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်ကြီးသည် လူဦးရေတိုးပွားများပြားလာခြင်းနဲ့အတူ ရေတိုအကျိုးစီးပွားရှေ့ရှုပြီး သယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ ရေရှည်တည်တံ့ ခြင်းမရှိသော အခြားမြေအသုံးချမှုပုံစံသို့ ပြောင်းလဲခြင်း၊ ကမ်းရိုးတန်းဂေဟစနစ်များမှ ရရှိသည့် လူမှုစီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးများကို သိရှိနားလည်မှု အားနည်းခြင်း၊ပြဌာန်း ထားသော ဥပဒေလုပ်ထုံးလုပ်နည်းများ၏ အကျိုးသက်ရောက်မှု အားနည်းခြင်း၊ အစိုးရဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းစတဲ့ အခက်အခဲအတားအဆီးများ ရင်ဆိုင်နေရပြီး ကမ်းရိုးတန်းသယံဇာတများ နှစ်စဉ် ဆုံးရှုံးနေကြရပါကြောင်း၊
အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် စနစ်တစ်ရပ်ဖြစ်သော “ကမ်းရိုးတန်းဒေသ ဘက်စုံပူးပေါင်းစီမံအုပ်ချုပ်ခြင်း” “Integrated Coastal Management (ICM)” ကိုကမ္ဘာ တစ်ဝှမ်းမှာ ၁၉၈၀ ခုနှစ်လောက်က စတင်ကျင့်သုံးလာခဲ့ကြကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ICM စနစ်ကို ကျင့်သုံးရန် လိုအပ်လာသည့် အတွက် ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်ကြီး (၁၀) ရပ်တွင်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားပြီး အစီအမံများချမှတ်ကာ ဆောင်ရွက်နေပါကြောင်း၊ ICM မိတ်ဆက်ပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ပဲခူးတိုင်းဒေသကြီးတွင် ယခုလအတွင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ ကဏ္ဍပေါင်းစုံမှ ပါဝင်သူများဖြင့် ICMဆိုင်ရာ သင်တန်းများကိုလည်း (၂)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ “ကမ်းရိုးတန်းဒေသ ဘက်စုံပူးပေါင်းစီမံအုပ်ချုပ်ခြင်း” “Integrated Coastal Management (ICM)” တွင် အဓိကလုပ်ငန်းရပ် (၆) မျိုးဖြစ်သည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသအပိုင်းအခြား အလိုက် နေရာသတ်မှတ်ခြင်း (Area Planning)၊ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မြှင့်တင် ဆောင်ရွက်ခြင်း (Economic Development)၊ သယံဇာတ အရင်းအမြစ်များအား ထိထိ ရောက်ရောက် ကြီးကြပ်အုပ်ချုပ်ခြင်း (Resources Stewardship)၊ ပဋိပက္ခများ ဖြေရှင်းပေးခြင်း (Conflict Resolution)၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများ တားဆီးကာကွယ်ခြင်း (Protection of Public Safety)၊ ကမ်းရိုးတန်းရေထု၊ မြေထုအား အများပြည်သူပိုင်ဆိုင်သုံးစွဲ ခွင့်ရှိစေခြင်း (Proprietorship of Public Lands and Waters) တို့အားဦးတည်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ICM လုပ်ငန်းရပ် (၆)မျိုးအား ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီကအစ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ကော်မတီများအထိပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုအဆင့်ဆင့် မှာထည့်သွင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊
ယခုလို ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့်အတွက် ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးလမ်းညွှန်ချက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် လူထုအခြေ ပြုစီမံခန့်ခွဲမှု နည်းလမ်းများဖြစ်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (Community Forestry- CF)၊ လူထုအခြေပြုခရီးသွား လုပ်ငန်း (Community Based Tourism - CBT) နှင့် ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင်ဧရိယာ (Locally Managed Marine Area) တို့ကိုဦးစားပေး ဆောင်ရွက်ကြရန် လိုကြောင်း၊
ယခု အစည်းအဝေးမှရရှိလာသည့် ဆွေးနွေးတင်ပြချက်ရလဒ်၊ ဆုံးဖြတ်ချက်များအား သတ္တမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမည် ဖြစ်သည့် အတွက် ကော်မတီဝင်များအနေဖြင့် ကမ်းရိုးတန်းသယံဇာတများ အဓွန့်ရှည် တည်တံ့စေရေး အတွက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ စိုက်ပျိုး/မွေးမြူရေးနှင့် သစ်တောသယံဇာတဆိုင်ရာဝန်ကြီး များ၊ သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Wednesday, August 21, 2019 - 15:45